ငဖဲမှာ စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ၁ ဦးသေ၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ငဖဲမှာ စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ၁ ဦးသေ၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ကပစ ၁၄ အနီးရှိ စစ်ကောင်စီဂိတ်စခန်းကို မေ ၃၀ ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် CDF-Asho တပ်ဖွဲ့ဆီက သိရပါတယ်။

မေ ၂၉ ရက် မနက် ၃ နာရီကျော်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်တပ်ကင်းစခန်းအနီး ကင်းပုန်းဝပ် စောင့်ဆိုင်းပြီး ငဖဲ-ပဒါန်း ကားလမ်းမပေါ်ရှိ ဂိတ်စခန်းငယ်ကို မေ ၃၀ ရက် မနက် ၇ နာရီခန့်မှာ ကင်းစောင့်လာတဲ့ စစ်သား ၂ ဦးကို တိုက်ခိုက်ရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

" ကင်းစောင့်ဖို့လာတဲ့ စစ်သားနှစ်ယောက်ကို လက်နက်ချဖို့ ပြောတယ်။ သူတို့က မောင်းတင်ဖို့လုပ်တော့ ပစ်ခဲ့ရတာပါ။ စစ်သား ၁ ယောက်သေတယ်။ နောက် ၁ ယောက်က ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်" လို့ CDF - Asho  တာဝန်ရှိသူ ဆလိုင်းရိုးချင်း ကပြောပါတယ်။

အဲဒီလိုစစ်တပ် ဂိတ်စခန်းကို တိုက်ခိုက်ရာမှာ စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိပြီး MA သေနတ် ၁ လက်၊ ကျည်ဆန် ၂၀ တောင့်တို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကားလမ်းပေါ်ရှိ ဂိတ်စခန်း တိုက်ခိုက်မှုဖြစ်ပွားချိန် တောင်ကုန်းပေါ်ရှိ ကင်းစခန်းမှ ပြန်လည်ပစ်ခတ်တာမျိုး မရှိဘဲ ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကင်းစခန်းမှာရှိတဲ့ စစ်သားတွေဟာ တောင်ပေါ်ကျေးရွာများမှ စျေးသွားစျေးပြန်ပြည်သူတွေကို ဆေးဝါးနဲ့ ရိက္ခာတွေကို အကန့်အသတ်ဖြင့် ဝယ်ခိုင်းတာ၊ အရက်ဘီယာတွေကိုယူတာ စတဲ့ မတရားလုပ်ဆောင်တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပုံစာ - စစ်တပ်ကင်းစခန်း၊ ဂိတ်စခန်းနှင့် သိမ်းဆည်းရရှိလက်နက်ခဲယမ်းကိုတွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #မင်းဘူး #ငဖဲ #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သေဆုံး #လက်နက်ခဲယမ်းရရှိ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10