ငါန်းဇွန်မှာ လေကြောင်းဗုံးကြဲခံရလို့ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကျဆုံးပြီး နေအိမ်တွေနဲ့ဘုန်းကြီးကျောင်း ပျက်စီး

ငါန်းဇွန်မှာ လေကြောင်းဗုံးကြဲခံရလို့ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကျဆုံးပြီး နေအိမ်တွေနဲ့ဘုန်းကြီးကျောင်း ပျက်စီး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး နေအိမ်တချို့နဲ့ ဘုန်းကြီးကျောင်း ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သုံး Y 12 သယ်ယူပို့ဆောင်ရေးလေယာဥ်နဲ့ သားကျင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆိုပါရွာရှိ ဘဲလှဘုန်းကြီးကျောင်းအပေါ်ကိုကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ 

“ ဘုန်းကြီးကျောင်းကို ၄ လုံးချတဲ့အချိန် ကျောင်း ၁ ကျောင်းပျက်ဆီးသွားတယ်။ တချို့ပြောတာတော့ လေယာဥ်ကအတော်ကိုနိမ့်ပြီးချတဲ့ဟာကို အခုမှဝင်လာတဲ့ တော်လှန်ရေးရဲဘော်ဆိုတော့ ကျွမ်းကျင်မှုဘာမှမရှိဘူး၊ လေယာဉ်ကိုလက်နက်နဲ့ပစ်တယ်။ မီးထွက်တဲ့နေရာကိုကြည့်ပြီး လေယာဉ်ချသွားတော့ထိသွားတာ” လို့ သားကျင်ရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် ဘုန်းကြီးကျောင်းအတွင်းမှာရှိနေတဲ့ သားကျင်ရွာကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တပ်ဖွဲ့ဝင် နေလင်းထွန်း ၂၆ နှစ်နဲ့ Local PDF မွေးနီ ၂၇ နှစ်တို့ ၂ ဦး နေရာမှာဗုံးစထိမှန်ကျဆုံးခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ပျက်စီး၊ နွား ၃ ကောင်သေဆုံးခဲ့ကာ ကျဆုံးကာကွယ်ရေးရဲဘော် ၂ ဦးကို ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းနဲ့လာရောက်ဗုံးကြဲချိန် ဒေသခံတွေက ဗုံးခိုကျင်းတွေထဲဝင်ရောက်ပုန်းရှောင်နေတဲ့အတွက် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘဲ လေကြောင်းအန္တရာယ်ကြောင့် သားကျင်ရွာဒေသခံတွေဟာ ညဘက်တွေမှာ ရွာအပြင်နေရာတွေကို ရှောင်တိမ်းနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှာလည်း သားကျင်ရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်လို့ အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃ လုံးလည်း ထိမှန်ပျက်ဆီးသွားပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ   ဒီဇင်ဘာ ၁ ရက် ကနေ ၆ ရက်အထိ ပထမပတ်အတွင်း နိုင်ငံတဝှမ်း စစ်အုပ်စုရဲ့လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ဦးအထိရှိခဲ့ပြီး အဲဒီထဲက ၁၁ ဦးဟာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #စစ်ကောင်စီ #လေ‌‌ကြောင်းဗုံးကြဲ #သေဆုံး #ပျက်စီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10