ငါန်းဇွန်မှာ စစ်အုပ်စုဖမ်းဆီးထားသူ ၂၉၀ ကျော်ထဲက အများစုပြန်လွတ်လာ

ငါန်းဇွန်မှာ စစ်အုပ်စုဖမ်းဆီးထားသူ ၂၉၀ ကျော်ထဲက အများစုပြန်လွတ်လာ

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အနောက်ခြမ်း၊ ညောင်လေးပင်ရွာကနေ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့သူတွေထဲက အများစုပြန်လွတ်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၈ ရက်မနက် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ညောင်လေးပင်ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် ရွာဘုန်းကြီးကျောင်းမှာ ပုန်းရှောင်နေသူတွေထဲက အသက် ၁၆ နှစ်ကနေ ၅၀ နှစ်အရွယ် အမျိုးသား ၂၉၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။ 

ဖမ်းဆီးထားစဥ်မှာ အစားအသောက်မကျွေးဘဲ ရိုက်နှက်တာတွေလုပ်လုပ်ခဲ့တယ်လို့ ပြန်လွတ်လာသူတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ဒေသခံတဦးက ပြောပါတယ်။ 

“ငါန်းဇွန်မြို့ပေါ်က ဘောလုံးကွင်းထဲမှာပဲ အကုန်ဖမ်းသွားတာ။ ရွာသားတွေရဲ့ကား ၂ စီးနဲ့ သူတို့ကား ၂ စီးနဲ့ခေါ်သွားတာ။ နေ့လယ်ခင်း ၂ နာရီထိကို ရေလည်းမတိုက်ဘူး၊ အစာလည်းမကျွေးဘူး။ တချို့လူဆိုရင် နာရီဝက်လောက်မှ ရေမတိုက်ဘူးဆိုရင် မေ့လဲသွားမယ့် အခြေအနေထိပဲ။ ရောဂါသည်တွေလည်း ပါတယ်။ လာတိုက်တဲ့ရေကျတော့လည်း ဓာတ်ဆီတွေနဲ့ ရောထားတဲ့ရေ။” လို့ ညောင်လေးပင်ရွာနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

အောက်တိုဘာ ၉ ရက် နေ့လယ် ၂ နာရီလောက်မှာ အဲ့ဒီထဲကဒေသခံအများစုကို ပြန်လွှတ်ပေးခဲ့ပြီး အောက်တိုဘာ ၁၁ ရက်ညပိုင်းအထိ ၃၅ ဦးလောက်ကိုတော့ ဖမ်းထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြန်လွတ်လာသူတွေထဲမှာလည်း စိတ်ထိခိုက်၊ ကြောက်လန့်စိတ်တွေဖြစ်နေကြပြီး ညအိပ်မပျော်တာ၊ စားသောက်လို့မရတဲ့ အခြေအနေတွေဖြစ်နေကြတယ်လို့ ပြန်လွတ်လာသူတွေရဲ့ပြောပြချက်ကို ကိုးကားပြီး အထက်ပါဒေသခံက ဆက်ပြောပါတယ်။  

“အရိုက်ခံရတဲ့သူတွေတော့ ရှိတယ်။ ပေါက်ပြဲအောင် ရိုက်တာမျိုး မဟုတ်ဘူး။ သူတို့ ပြန်လွတ်လာပေမယ့်လည်း ညညအိပ်မပျော်တဲ့သူတွေလည်း ရှိတယ်။ မစားမသောက်နိုင်တဲ့ သူတွေလည်း ရှိတယ်။ ဟိုမှာ သူတို့ကို ဘယ်လောက်ထိရက်စက်ပြခဲ့လဲ မသိဘူး။ ဒီရောက်လာတဲ့အခါ အကြောက်တရားက တော်တော်ကြီး ဆိုးလာတယ်။ သူတို့ကို သွားတွေ့တဲ့အချိန်မှာတောင် သူတို့ ဖြစ်ခဲ့တာတွေကို အကုန်မပြောရဲကြဘူး။ ကြောက်နေကြတယ်” လို့ သူက ပြောပါတယ်။ 

လက်ရှိအချိန်ထိလည်း ညောင်လေးပင်ရွာကဒေသခံတွေဟာ ကျေးရွာထဲကိုပြန်လည် မနေကြသေးဘဲ တောတောင်တွေထဲမှာပဲ သွားရောက်နေထိုင်နေကြတယ်လို့ ဆိုပါတယ်။ 

ဘုန်းကြီးကျောင်းအတွင်း ဝင်ဖမ်းချိန်မှာလည်း ဒေသခံတွေဆီက ရွှေ၊ ငွေနဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်သားတွေက သိမ်းဆည်းသွားခဲ့သေးတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ညောင်လေးပင်ရွာကိုလာတဲ့ လမ်းမှာလည်း ဒေသခံကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် မိုင်းဆွဲခံရတဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာ ညောင်လေးပင်ရွာအနောက်ဘက်ရှိ မကြီးကြပ်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - ငါန်းဇွန်မြို့နယ်၊ မြို့သာဈေးအနီး စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #စစ်ကောင်စီ #ဒေသခံဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10