ငါန်းမြာကြီးရဲစခန်းကိုပြန်သိမ်းဖို့လာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးအဖွဲ့တွေ ၄ ရက်ကြာ တိုက်ပွဲဖြစ်    ■ အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ PDF ၁ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရ

ငါန်းမြာကြီးရဲစခန်းကိုပြန်သိမ်းဖို့လာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးအဖွဲ့တွေ ၄ ရက်ကြာ တိုက်ပွဲဖြစ် ■ အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ PDF ၁ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရ

 

ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းကို ပြန်သိမ်းဖို့လာတဲ့စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်အုပ်စုဘက်က အထိနာနေတယ်လို့ မြေပြင်ရဲဘော်တွေထံက သိရပါတယ်။

မြင်းခြံမြို့နယ်၊ ဆုံရွာကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ငါန်းဇွန်မြို့နယ်၊ ဒုံဒင်ရွာကို ရောက်ရှိတဲ့ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းကစတင်ကာ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲစတင်ဖြစ်ပွားတဲ့နေ့မှာပဲ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးတယ်လို့ ဆိုပါတယ်။

“ ငါန်းမြာကြီးကို ကျနော်တို့က သိမ်းထားတယ်။ သူတို့(စစ်ကောင်စီ)က ပြန်လာယူတာ။ ကျန်တဲ့ရက်တွေက လေကြောင်းတိုက်ခိုက်မှု မရှိဘူး။ ဒီမနက်မှာပဲ လေကြောင်းတိုက်ခိုက်မှု လုပ်သွားတယ်။“ လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်က အောက်တိုဘာ ၁၄ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲကျော်လောက်မှာ ကာကွယ်ရေးအဖွဲ့တွေ ဘန်ကာအဖြစ်ယူထားတဲ့နေရာတဝိုက်ကို တိုက်လေယာဉ် ၁ စီးနဲ့  လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားလို့ ရဲဘော် ၁ ဦးကျဆုံးပြီး ၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ငါန်းမြာကြီးကနေ ကာကွယ်ရေးတပ်ဖွဲ့တွေက ယာယီဆုတ်ခွာပေးထားပေမယ့် ငါန်းမြာကြီးရဲစခန်းက စစ်ကောင်စီလက်ထဲ ပြန်လည်ရောက်ရှိသွားတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။ ။

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ဒုံဒင်ရွာနဲ့တဆက်တည်းရှိတဲ့ မိုးထောင်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဆုံရွာထဲကိုပြန်လည်ဝင်ရောက်သွားးခဲ့တယ်လို့ သိရပါတယ်။

ငါန်းမြာကြီးရဲစခန်းကို သြဂုတ် ၁၉ ရက်မှာ ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်ကြပ်ကြီးအပါ ရဲတပ်ဖွဲ့ဝင် ၅ ဦး နဲ့ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့သလို သေနတ် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ - သြဂုတ် ၁၉ ရက်က ငါန်းမြားကြီးရဲစခန်းကို သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိစစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မန္တလေး #ငါန်းမြာကြီး #ရဲစခန်း #တိုက်ပွဲ #လေကြောင်းတိုက်ခိုက်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10