စက္ကန့် ရွာမှာ ကျန်ခဲ့ရတဲ့ ချင်းတိုင်းရင်းသား မြေးအဖွား ၂ ဦးကို စစ်ကောင်စီက သတ်ပြီး ရွာကိုပါမီးရှို့

စက္ကန့် ရွာမှာ ကျန်ခဲ့ရတဲ့ ချင်းတိုင်းရင်းသား မြေးအဖွား ၂ ဦးကို စစ်ကောင်စီက သတ်ပြီး ရွာကိုပါမီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ရွာက မြေးအဖွား ၂ ဦးကို စစ်ကောင်စီတပ်က သတ်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ပြီး အဲဒီကျေးရွာမှာအထိုင်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၇ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ကလေးမြို့ အနောက်တောင်ပိုင်းကို လက်နက်ကြီးတွေပစ်ဖောက်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် စက္ကန့်ရွာက ဒေသခံပြည်သူ အားလုံးနီးပါး ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမဲ့လည်း ၆၇ နှစ်ရွယ် ငိုက်နှဲမ်း နဲ့ ၁၄ နှစ်အရွယ် ဆလိုင်းဗန်လျန်တို့ မြေးအဖွား ၂ ဦးကတော့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ ကျေးရွာထဲမှာ နေခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ စက္ကန့်ရွာထဲကိုဝင်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေချိန် ထွက်မပြေးဘဲ နေအိမ်ထဲမှာပုန်းရှောင်နေတဲ့ မြေးအဖွား ၂ ဦးကို တွေ့ရှိသွားပြီး မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စက္ကန့်ရွာသားတချို့ဟာ မီးရှို့ခံရတဲ့ အဲဒီနေ့ ညနေမှာဘဲ အလောင်းပြန်ကောက်ဖို့ ရွာထဲဝင်သွားချိန် စစ်ကောင်စီဘက်က လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အလောင်းကောက်ချိန်မရလိုက်ဘဲ ပြန်လည်ထွက်ပြေးခဲ့ရတယ်လို့လည်း စက္ကန့်ရွာသားတဦးက မြေလတ်အသံကိုပြောပါတယ်။ 

“ကျနော်တို့ရွာသားတွေက အကုန်ရှောင်ကြတယ်။ လယ်တောတို့ ဘာတို့မှာ၊ သူတို့ ၂ ယောက်က ရှောင်ဖို့နေရာမရှိတော့ ဒီအတိုင်းဘဲနေခဲ့ကြတာ။ ကျနော်တို့ ညနေဘက်ရွာထဲပြန်ဝင်တဲ့အချိန် သူတို့အိမ်ထဲမှာ မီးလောင်မကုန်သေးတဲ့ သူ့ရဲ့ခေါင်းနဲ့ အူတွေကိုတွေ့တယ်။ တယောက်ကတော့ အရိုးတွေဘဲ ကျန်တော့တယ်” လို့ ဆိုပါတယ်။

မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ မြေးအဖွား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီးမှ မီးရှို့တာလား၊ အရှင်လတ်လတ်မီးရှို့တာလားဆိုတာတော့ ဒေသခံတွေက သေသေချာချာမသိရသေးဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် စက္ကန့်ရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ဦး နဲ့ ပါစတာတဦးလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဒီနေ့အထိလည်း အဲဒီစစ်ကြောင်းဟာ စက္ကန့်ရွာထဲမှာ တပ်စွဲထားပြီး နေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အခုလို စစ်ကောင်စီက ကျေးရွာထဲမှာ အထိုင်ချထားတဲ့အတွက် စက္ကန့်ရွာက ပြည်သူတွေဟာ လယ်တောတွေနဲ့ တောတွေထဲမှာ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

“ကျနော်တို့တွေ တောထဲမှာ ဖြစ်သလို စားသောက်နေကြရတယ်။ တချို့ဆိုအိမ်ကနေပြေးလာတာ ဘာမှမပါခဲ့ဘူး အဲဒီတော့ ရှိတဲ့သူတွေနဲ့ အတူတူဝေပြီးစားကြတာ။ တချို့ကလည်း သူတို့အသိတွေ ရှိတဲ့ဘက်ကို ရှောင်နေကြတာ” လို့ ဆိုပါတယ်။

စက္ကန့်ရွာက ပြည်သူတွေဟာ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေတာ ၅ ရက်ခန့်ရှိပြီးဖြစ်ကြောင်းနဲ့ အခုလို နေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှို့တဲ့အပေါ်  စိတ်မကောင်းကြောင်း ကံတရားလို့သာ မှတ်ယူထားတယ်လို့လည်း ပြောပါတယ်။

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ စက္ကန့်ရွာဟာ အခုလို မီးရှို့ခံရတာ ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ၁ ကြိမ်၊ ၆ ရက်မှာ ၁ ကြိမ်၊ သြဂုတ် ၁၂ ရက်မှာ ၁ ကြိမ်၊ အခုလက်ရှိ အောက်တိုဘာ အတွင်းမှာ ၁ ကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ချင်းတိုင်းရင်းသား #သတ်ဖြတ်ခံရ #စစ်ကောင်စီ #စစ်ကိုင်းတိုင်း #ကလေး #စက္ကန့်ရွာ #သက်ကြီးရွယ်အို #လူငယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10