သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စက်တင်ဘာလအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆ ဦး အသတ်ခံရတယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့သတင်းတွေအရ သိရပါတယ်။
အသတ်ခံရသူတွေဟာ လက်ပံတန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ပေါက်ခေါင်းမြို့နယ်တွေက အုပ်ချုပ်ရေးမှူး တဦးစီနဲ့ ပေါင်းတည်မြို့နယ်က အုပ်ချုပ်ရေးမှူးနှစ်ဦးတို့ ဖြစ်ပါတယ်။
စက်တင်ဘာ ၁ ရက် ညမှာ လက်ပံတန်းမြို့နယ်ပျဉ်းကတိုးအုပ်စုအုပ်ချုပ်ရေးမှူး ကိုဌေးနိုင်၊ စက်တင်ဘာ ၂ ရက်မှာ ပေါက်ခေါင်းမြို့နယ် ဘော်ဒါအုပ်စုက အုပ်ချုပ်ရေးမှူး ကိုခင်မောင်ဝင်း၊ စက်တင်ဘာ ၉ ရက်မှာ အုတ်ဖိုမြို့နယ် တယ်ပင်ကျောအုပ်စုအုပ်ချုပ်ရေးမှူး ကိုသက်ကြီး(ခ)ကိုသက်အောင်၊ စက်တင်ဘာ ၂၄ ရက်မှာ ကြို့ပင်ကောက်မြို့နယ် ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူး ကိုသိန်းဦး၊ စက်တင်ဘာ ၂၆ ရက်မှာ ပေါင်းတည်မြို့နယ် ရွာသစ်ကြီးအုပ်စုအုပ်ချုပ်ရေးမှူး ကိုတင်ဦးနဲ့ စက်တင်ဘာ ၂၈ ရက်မှာ ပေါင်းတည်မြို့နယ် ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်းတို့ပါဝင်ပါတယ်။
အဲဒီအထဲက လက်ပံတန်းမြို့နယ် ပျဉ်းကတိုးအုပ်စုအုပ်ချုပ်ရေးမှူး ကိုဌေးနိုင်ဆီက ရိုင်ဖယ်သေနတ်တလက်၊ ကြို့ပင်ကောက်မြို့နယ် ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူးကိုသိန်းဦးဆီက လေသေနတ်တလက်နဲ့ ပေါင်းတည်မြို့နယ် ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူးကိုသန်းဆီက ဓါးမြှောင်တချောင်းကို သိမ်းယူနိုင်ခဲ့သလို အဲဒီအုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းစုပေးတာ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေကို စစ်ကောင်စီကို သတင်းပေးတာနဲ့ လောင်းကစားဝိုင်းတွေဆီကနေ လိုင်းကြေးကောက်ယူပေးတာတွေကို ပြုလုပ်ပေးနေသူဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
အဲဒီအထဲက စက်တင်ဘာ ၂၈ ရက်က အသတ်ခံရတဲ့ ပေါင်းတည်မြို့နယ်ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်းဟာ စစ်အာဏာသိမ်းအပြီးမှာ အဲဒီအုပ်စုအတွင်း တတိယမြောက်အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးလည်း ဖြစ်ပါတယ်။
စက်တင်ဘာလအတွင်း ပဲခူးတိုင်းအနောက်ခြမ်းက အုပ်ချုပ်ရေးမှူးတွေကို လက်ပံတန်းအခြေစိုက် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်ခေါင်းပကဖ၊ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် BTZM GBK PDF နဲ့ Dragon Brother၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေတောင်ပကဖနဲ့ အုတ်ဖိုအခြေစိုက် မြေအောက် ပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ပဲခူးတိုင်းအနောက်ခြမ်း မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်နဲ့ ပေါက်ခေါင်းမြို့နယ်တွေက လက်နက်ကိုင်အုပ်ချုပ်ရေးမှူးတွေအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၉ ဦးလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။
ပုံစာ - အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးတွေကိုင်ဆောင်တဲ့သေနတ်နဲ့ ဓားမြှောင်။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #ပကဖ #PDF
Share Share Share