စက်သုံးဆီဆိုင်မှာ ဆီလာဝယ်သူ ဆေးလိပ်မီးကတဆင့် မီးလောင်မှုဖြစ်ပွားပြီး ကား၊ ဆိုင်ကယ်၊ အိမ် ၂ လုံးမီးလောင် (ရုပ်/သံ)

မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ကတင်းကျေးရွာမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်မှာ ဇူလိုင် ၁၃ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ Rocket Fighter Pauk People Defence Force အဖွဲ့ဆီက သိရပါတယ်။

ယဥ်မိုးသူ အမည်ရှိ စက်သုံးဆီဆိုင်မှာ ဆိုင်ကယ်ဆီလာဖြည့်သူတဦးရဲ့ဆေးလိပ် မီးပွားကနေတဆင့် ညနေ ၃ နာရီခွဲခန့်မှာ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

"ဆေးလိပ်မီးပွားကနေ မီးလောင်ခဲ့တာပါ။ ပေါက်ကွဲအားပြင်းတော့ အနားမကပ်ရဲကြဘူး။ ဆိုင်ကယ်တွေ ကားနဲ့အိမ်တွေလည်း မီးလောင်ဆုံးရှုံးခဲ့တယ်" လို့ RFP အဖွဲ့တာဝန်ခံ ကိုလပြည့် ကပြောပါတယ်။

အဲ့ဒီလို စက်သုံးဆီဆိုင် မီးလောင်ကျွမ်းမှုကြောင့် ကား ၁ စီး၊ ဆိုင်ကယ် ၄ စီး၊ အိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားချိန်မှာ ဆောဒေသခံပြည်သူများနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း ဝိုင်းဝန်းကူညီပြီး မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ယောဒေသ #ဆော #စက်သုံးဆီဆိုင် #ဆေးလိပ်မီး #မီးလောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10