စခန်းစီးနင်းခံရလို့ ဆုတ်ခွာချိန် PDF ဒုတပ်ရင်းမှူးနဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးအသတ်ခံရ

စခန်းစီးနင်းခံရလို့ ဆုတ်ခွာချိန် PDF ဒုတပ်ရင်းမှူးနဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးအသတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၁) စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းရာ လက်နက်အင်အားမမျှလို့ ကာကွယ်ရေးတပ်ဖွဲ့တွေကဆုတ်ခွာချိန် အဆိုပါတပ်ရင်းမှ ဒုတပ်ရင်းမှူး တဦးနဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးအသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

 

မတ်လ ၃၀ ရက်မနေ့က မနက် ၅ နာရီကျော်လောက်မှာ စစ်ကောင်စီလက်အောက်ခံ ဘီးလူးစစ်ကြောင်းဟာ အင်အား ၈၀ ကျော်နဲ့ မြောင်မြို့နယ်မြောက်ပိုင်းကနေ စစ်ကြောင်းထိုးလာပြီးနောက် ဝင်ရောက်စီးနင်းခဲ့တာလို့ အမှတ်(၁) တပ်စခန်းမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စခတွေက မြောက်ဘက်ကနေလာပြီး အနောက်ဘက်ကိုပတ်ဝင်တာ။ ကျနော်တို့က သူတို့စစ်ကြောင်းထိုးလာတဲ့ဘက်ကိုပဲ ကင်းကာထားတာ။ ကျနော်တို့ မထင်မှတ်တဲ့နေရာဘက်ကနေ ဝင်လာလိုက်တာ၊ ကျနော်တို့ အနောက်ကပိတ်ပြီး ခံလိုက်ရတဲ့သဘောပေါ့” လို့ ဆိုပါတယ်။

ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းကတော့ မနေ့ကဖမ်းမိတဲ့နေရာမှာတင် အသတ်ခံခဲ့ရပြီး၊ ရဲဘော် ၂ ဦးကိုတော့ စစ်တပ်က ဖမ်းခေါ်သွားကာ သူတို့စစ်ကြောင်းထိုးတဲ့ လမ်းပိုင်းရောက်မှ အသတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

“ကိုဆင်ရိုင်းရဲ့ ရုပ်အလောင်းကိုတော့ မနေ့က သဂြိုလ်လိုက်တယ်။ သူ့ရဲ့ခေါင်းတော့ မပါဘူးပေါ့။ ကျန်တဲ့ ရဲဘော် ၂ ဦး နဲ့ ကိုဆင်ရိုင်းရဲ့ခေါင်းကိုတော့ ဒီနေ့ (မတ်လ ၃၁)မနက် မြောင်နယ်ထဲက ရွာတရွာရဲ့ထိပ်မှာ ပြန်တွေ့တယ်။ ရဲဘော် ၂ ယောက်ရဲ့ နာမည်တွေကိုတော့ ပြောပြလို့မရပါဘူး။ သူတို့ကိုလည်း သဂြိုလ်ပေးလိုက်ပါပြီ” လို့ ဆိုပါတယ်။

ရဲဘော်တွေအနေနဲ့ လက်ရှိမှာ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိနေပြီး လက်နက်ပစ္စည်းတွေတော့ ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီနေ့မနက်မှာတော့ မြောင်မြို့နယ်အစွန်းဘက်ကို ပြန်ထွက်သွားတယ်လို့ သိရကာ၊ မတ်လ ၂၄ ရက်ကလည်း အဆိုပါဘီလူးစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တို့ မြင်မူးမြို့နယ်အတွင်းမှာ ထိတွေ့မှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ - စစ်အုပ်စုလက်ချက်နဲ့ သေဆုံးခဲ့သည့် ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10