စစ်ကိုင်းက ပျူစောထီးရွာကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းက ပျူစောထီးရွာကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ပျူစောထီးအများစုနေထိုင်တဲ့ ကျေးရွာကို ဇွန်လ ၁၇ ရက် မနေ့ညနေ့က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ ကိုတာနောက ပြောပါတယ်။
 
စစ်ကိုင်းမြို့နယ်ထဲက အိမ်ခြေ ၂၇၀ လောက်ရှိတဲ့ မာလဲတောရွာကို ညနေ ၄ နာရီခွဲလောက်မှာ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
 
"ဗုံးသီး ၂ လုံးက ကင်းတဲတည့်တည့်ပေါ်ကျပြီး ကွဲသွားတော့၊ အရင်ဆို ပြန်ပြီးပစ်တာမျိုးရှိတယ်။ ခုတခါ ပျူတွေပြန်ပစ်ချိန်မရဘူး။ အဲဒီကင်းမှာက အမြဲတမ်း ပျူ ၂ ယောက်နဲ့ စစ်သား ၂ ယောက် အမြဲလိုရှိတာ။ ထိခိုက်သေဆုံးမှု ရှိနိုင်ပါတယ်။ ဘယ်နှစ်ဦးဆိုတာတော့အတိအကျမသိရဘူး" လို့ နယ်စည်းမခြားအဖွဲ့မှ ကိုတာနောက ပြောပါတယ်။
 
ဒါ့အပြင်ပြည်သူတွေအနေနဲ့ မန္တလေး - ရွှေဘိုအမြန်လမ်းမကြီးကို ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း အသုံးမပြုဖို့နဲ့ ထုတ်ပြန်ချက်ကို လိုက်နာကြဖို့၊ စစ်ကောင်စီက အိမ်စီးကားကိုအသုံးပြုကာ ပြည်သူအသွင်ယူ မောင်းနှင်နေတဲ့အတွက် အိမ်စီးကားနဲ့ကုန်ကားတွေ ကားမှန်ချမောင်းနှင်ကြဖို့အပြင် နယ်စည်းမခြားတပ်ဖွဲ့မှာလည်း လက်နက်အင်အားနည်းပါးတဲ့အတွက် ပြည်သူတွေအနေနဲ့ တတ်အားသရွေ့ လှူဒါန်းကြဖို့ကိုလည်း သူကဆက်ပြောပါတယ်။

အခုစစ်ဆင်ရေးကို စစ်ကိုင်းခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၄၊ တပ်စု ၂ နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့နဲ့ တောတွင်းတွတ်ပီအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၁၀ ရက်ကလည်း နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့ဟာ ဒေသတွင်းမဟာမိတ်တွေနဲ့ ပေါင်းပြီး မာလဲတောရွာကနေ အင်အား ၃၀ လောက်နဲ့ထွက်လာတဲ့ ပျူစောထီးတွေကို စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့နဲ့ အုန်းတောရွာကြားမှာ မိုင်းဆွဲတိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - နယ်စည်းမခြားအဖွဲ့မှ ကျေးရွာများကို စစ်အခြေခံသင်တန်းပေးပြီးမြင်ကွင်း။(ပုံဟောင်း)
စာတည်း - လင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10