စစ်ကိုင်းတိုင်းက မြို့နယ်နှစ်ခုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိနိုင်

စစ်ကိုင်းတိုင်းက မြို့နယ်နှစ်ခုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိနိုင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ မုံရွာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်တွေက မတ်လ ၆ ရက်နဲ့ ၇ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သားသေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မြင်းမူမြို့၊ အထက ၁ ကျောင်းဝန်းထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို မတ်လ ၇ ရက် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်လောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ True Fighte မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်စွန်ရဲက ပြောပါတယ်။


“အင်အားက အယောက် ၂၅ ယောက်ရှိတာ။ သူတို့က ကျောင်းဝန်းထဲမှာ ထမင်းစားနေကြတာ။ ထမင်းစားပြီးတဲ့ **၅ ကောင်က ပန်းကန်ဆေးဖို့ ၇ တန်းကျောင်းဆောင်ဘက်ကို ထွက်လာချိန် လျက်ဆားပုလင်း(ဗုံး)နဲ့ ပစ်ခတ်ခဲ့တာ။ **တွေရဲ့အနီးနားကို ကျတယ်။ ၂ ကောင်ကျတယ်။ ၃ ကောင် ဒဏ်ရာ အပြင်းအထန်ရတယ်” လို့ ပြောပါတယ်။

အဲ့ဒီစစ်သားတွေဟာ စစ်ကိုင်းအခြေစိုက် တမခ ၃၃ က စစ်သားတွေ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ခန့်မှန်းထားပြီး၊ ဗုံးနဲ့ပစ်ခတ်ပြီးနောက် ပြန်လည်ပစ်ခတ်တာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့နယ်၊ တောပုရွာအနီး ကင်းပတ်နေတဲ့စစ်သားနဲ့ ပျူစောထီးတွေကိုလည်း မတ်လ ၆ ရက်မနက် ၇ နာရီလောက်မှာ Monywa Local Revolution Union ရဲ့ တပ်ခွဲ ၂ Brave Heart Army – BHA အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အင်အား ၃၀ နဲ့ ကင်းလှည့်နေချိန် တောပုရွာအနီးမှာပဲ ပဒေသာမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦး သေဆုံးခဲ့တယ်လို့ Brave Heart Army – BHA အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မပိုးပိုးက ပြောပါတယ်။

"သူတို့ရွာနားက စပါးခင်းတွေကို စစ်သားအချို့ရယ်၊ ရဲရယ် ပါသလို ပျူစောထီးတွေကလည်း စစ်ယူနီဖောင်းနဲ့ ကင်းပတ်နေတာ။ မိုင်းမိသွားလို့ လက်နက်ငယ်တွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လှန်ပစ်တာမျိုးတွေ လုပ်တယ်" လို့ ပြောပါတယ်။

ပွိုင့် ၁ နေရာတည်းမှာတင် မိုင်း ၅ လုံးဆင်တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီး ၃ ဦးက နေရာတင် သေဆုံးခဲ့ပြီး ကျန် ၁ ဦးတော့ ဆေးကုနေချိန်ကျမှ သေဆုံးခဲ့တာလို့ မပိုးပိုးက ဆက်ပြောပြပါတယ်။

အဲဒီတိုက်ခိုက်မှုကို BHA ရဲဘော်တွေက ဦးဆောင်ပြီး၊ MLRU တပ်ခွဲ ၁၊ တပ်ခွဲ ၃ ရဲဘော်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အထက်ပါ တိုက်ခိုက်မှုတွေအတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၇ ရက် နေ့လယ်ကလည်း Brave Heart ဟာ မုံရွာမြို့၊ ကွက်သစ်ရပ်ကွက်က စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင် ဆိုသူကို မုံရွာလွှတ်တော်နဲ့ နမခကြားမှာ ၉ မမ နဲ့ ၂ ချက် ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်ကိုင်းအတွင်းက ရွှေဘို၊ မုံရွာ၊ ခင်ဦး၊ ရေဦး၊ မြင်းမူ၊ ဒီပဲယင်း၊ ဝက်လက် စတဲ့မြို့နယ်တွေမှာ စစ်ကောင်တပ်တွေက စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေနဲ့ နေအိမ်မီးရှို့တာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေသလို ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ခိုက်မှုတွေဟာလည်း ခပ်စိတ်စိတ် ဖြစ်ပွားလျှက် ရှိနေပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10