စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်သားတွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခုမှာ စစ်သားတွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီလ ၄ ရက်မနေ့ကမနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြပါတယ်။

ဝက်လက်မြို့နယ်၊ ကျေးသီးကုန်းရွာကနေ မနေ့မနက် ၅ နာရီလောက်မှာ စိုင်နိုင်ကွေ့ရွာဘက်ကိုထွက်လာတဲ့ အင်အား ၈၀ ပါစစ်ကြောင်းကို အုန္နဲဘုတ်ကျေးရွာအနီးကနေ ၆၀ မမ ရော့ကက်ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ Eagle Guerrilla Force မှ တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။


"ပုခက်နဲ့ထမ်းထုတ်သယ်သွားတာ ၆ ဦးလောက်ရှိတယ်၊ တချို့လည်းခြေလျင်ထော့ကျိုးတွေဖြစ်နေတယ်၊ အဲဒီအဖွဲ့က ဝက်လက်မြို့ဘက်ကိုဆက်ထွက်သွားတယ်" လို့ ပြောပါတယ်။

အဲ့ဒီစစ်အုပ်စုဟာ ဧပြီလ ၃ ရက်မနက် ၈ နာရီလောက်ကစပြီး ဝက်လက်မြို့နယ်၊ မောက်ကြိုးရွာကနေ ယင်းတောရွာကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ကျေးသီးတောရွာကို ဝင်ရောက်လာတာလို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ ရွှေဘိုခရိုင် အမှတ်၁၅ တပ်ရင်းEagle Guerrilla Force တပ်ခွဲ ၁နဲ့ Fight for Freedomတပ်ခွဲ ၂ နဲ့အတူ နယ်မြေခံတော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေနဲ့Local အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

Eagle Guerrilla Force အဖွဲ့ဟာ ပြီးခဲ့တဲ့ဧပြီလ ၂ ရက်ကလည်း ဝက်လက်မြို့နယ်ရွာသာကြီးလမ်း အထွက်မှာကင်းထောက်နေတဲ့ ပျူစောထီး၂ ဦးကို လက်လုပ်မောင်းပြန်သေနတ်နဲ့ပစ်ခတ်တဲ့အတွက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အလားတူ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာက ထွက်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကိုလည်း ရွာအပြင်ဇရပ်အနီးမှာ အဝေးထိန်းစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း - ရွှေဘို LPDF မှ ရဲဘော်ဗလကြီးက ပြောပါတယ်။

“အင်အား ၁၅ ယောက်နဲ့ ဇီးဖြူကုန်းမြောက်ပေါက် ဦးတင်နွဲ့ဇရပ် အနီးရောက်လာချိန်မှာ အဝေးထိန်းစနစ်နဲ့ မိုင်းခွဲတိုက်ခိုက်တာ၊ ရဲ* ဇော်လှိုင်ဦးနဲ့ ပျူစောထီး ၁ ဦး ပွဲချင်းပြီးသေတယ်၊ နောက်ပြီး ရဲတပ်သား သိန်းဇော်ကလည်း ပြင်းထန်ဒဏ်ရာရရှိတယ်” လို့ ပြောပါတယ်။

ဒီစစ်ဆင်ရေးကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့၊ ဗိုလ်ဂျပန်ကြီး (T.T.T)-SHWEBO (LPDF) အဖွဲ့၊ တောင်သူကြီးများအဖွဲ့ -LDF၊ ဖား‌ရွှေ‌ကျော် - ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER- SHWEBO PEOPLE DEFENCE FORCE၊ မတစ်ထောင်( တစ်ကောင်ဘွား ) - ဒီပဲယင်းအဖွဲ့၊ နဲ့ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုတွေပူးပေါင်းပြီး မနေ့ကမနက် ၉ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပေမယ့် သေဆုံးသူအရေအတွက်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကလည်း ကန့်ဘလူနယ်ထဲကို မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်အုပ်စုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့က မိုင်းဆွဲတိုက်ခိုပ်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10