စစ်ကိုင်းတိုင်းမှာ ၇ လအတွင်း အရပ်သား ၅၀၀ ဦးဝန်းကျင်သေဆုံး

စစ်ကိုင်းတိုင်းမှာ ၇ လအတွင်း အရပ်သား ၅၀၀ ဦးဝန်းကျင်သေဆုံး

စစ်ကိုင်းတိုင်းမှာ အခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အတွင်း အရပ်သားပြည်သူ ၄၉၉ ဦးသေဆုံးခဲ့တယ်လို့ Data for Myanmar က ဩဂုတ် ၂၇ ရက် မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေး၊ မုံရွာ၊ ရွှေဘိုနဲ့ စစ်ကိုင်းခရိုင်တွေက အရပ်သားတွေသေဆုံးမှုအများဆုံးရှိခဲ့ပြီး ၁၈ နှစ်အထက် အမျိုးသား ၂၉၄ ဦး၊ အမျိုးသမီး ၁၁၉ ဦး၊ အသက် ၁၈ နှစ်အောက်ကလေး ၄၀ ဦးနဲ့ အမျိုးသား အမျိုးသမီးအတည်မပြုနိုင်သူ ၄၆ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးရသူ စုစုပေါင်း ၉၅ ရာခိုင်နှုန်းကျော်ဟာ အရပ်သားတွေကိုပစ်မှတ်ထားပြီး သတ်ဖြတ်တာတွေ၊ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီသေဆုံးမှုတွေထဲမှာ ဇူလိုင် ၂၆ ရက်က မုံရွာမြို့နယ် မုံရွာ-အရာတော်လမ်းမကြီးဘေးက စည်သာလေး၊ ထနှောင်းဝင်းနဲ့ ရွာတုံရွာတွေကို စစ်ကြောင်းထိုးဝင်‌ရောက်စီးနင်းချိန် စစ်ကောင်စီတပ်သားတွေရဲ့လက်ချက်နဲ့ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်လည်းပါဝင်ပါတယ်။

အရပ်သားသေဆုံးတဲ့ ဖြစ်စဉ်တွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးရသူ ၄၂၀ ဦးနဲ့ အများဆုံးတွေ့ရကာ ဒေသခံတော်လှန်‌ရေးတပ်ဖွဲ့တွေကြောင့် ၂၀ ဦး၊ ပျူစောထီးအဖွဲ့ဝင်တွေကြောင့် သေဆုံးရသူ ၉ ဦးနဲ့ ကူကီးတပ်ဖွဲ့ကြောင့် သေဆုံးသူ ၄ ဦးရှိခဲ့ပြီး တိုက်ပွဲအတွင်းနဲ့ အတည်မပြုနိုင်တဲ့ ဖြစ်ရပ်တွေကြောင့် သေဆုံးသူ ၃၈ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အမြန်ဆုံးရပ်ဖို့နဲ့  နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အမြန်ဆုံးရပ်တန့်ဖို့  ဖိအားပေးတိုက်တွန်းသင့်တယ်လို့ Data For Myanmar က တိုက်တွန်းထားပါတယ်။

ပုံစာ - ၂၀၂၄ မေ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာ ဒေသခံများအား စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုဖြစ်စဉ်မှ အလောင်းတချို့အားတွေ့ရစဉ်။

စာတည်း - လင်း  

#မြေလတ်အသံ

#စစ်ကိုင်း #အရပ်သားသေဆုံးမှု #သတင်း #DataForMyanmar 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10