စစ်ကိုင်းတိုင်း ၃ မြို့နယ်ကို စစ်ကောင်စီက မာရှယ်လောထပ်ထုတ်

စစ်ကိုင်းတိုင်း ၃ မြို့နယ်ကို စစ်ကောင်စီက မာရှယ်လောထပ်ထုတ်

စစ်အာဏာသိမ်းအပြီး ၂ နှစ်အကြာမှာ အုပ်ချုပ်ရေး ယိုယွင်းလာတဲ့အတွက် စစ်ကောင်စီက နိုင်ငံတဝှမ်းက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ကြေညာအပြီး ၂၀ ရက်အကြာမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)နယ်မြေက မြို့နယ် ၃ ခုကိုလည်း ဖေဖေါ်ဝါရီလ ၂၂ ရက် မနေ့က စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေညာလိုက်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြိုနယ်၊ ဝက်လက်မြို့နယ်နဲ့ အရာတော်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး မြို့နယ်တွေအဖြစ် ထပ်မံကြေညာတာ ဖြစ်ပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာတာနဲ့ပတ်သက်ပြီး ပြည်သူ့တော်လှန်ရေး တပ်ဦးရဲ့ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်လွန်းညီ​ကတော့ "စစ်အုပ်စုက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တယ်ဆိုတာ သူတို့ရဲ့အကြပ်အတည်းကို ထုတ်ဖော်ပြသလိုက်တဲ့ ထွက်ပေါက်တခုလို့ မြင်ပါတယ်။ သူတို့စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ ဒေသတွေဟာ လက်နက်ကိုင်ပြီး နည်းလမ်းနဲ့သော်၎င်း၊ ဆန္ဒထုတ်ဖော်ပြီးတော့သော်၎င်း စစ်ကောင်စီကို အပြင်းအထန် ခုခံတော်လှန်နေတဲ့ ဒေသတွေ ဖြစ်တယ်။  ဒီဒေသတွေကို ထိမ်းလို့သိမ်းလို့ မလွယ်ကူတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ အဲဒီအတွက် ပိုပြီးတော့ ဒီဒေသတွေကို  ဖိနှိပ်နိုင်အောင် တော်လှန်ရေးအင်အားစုတွေကို နိမ်နင်းဖို့ လူထုကိုပိုပြီးတော့ ဒုက္ခပေးနိုင်ဖို့ ကြေညာလိုက်တယ်လို့ပဲ မြင်တယ်" လို့ ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၂ ရက်က ပထမအကြိမ် ထုတ်ပြန်ကြေညာရာမှာ စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဗူး၊ မြောင်၊ ဆာလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ် တို့ဖြစ်ပြီး အခု ၃ မြို့နယ် အပါအဝင် စစ်ကိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၁၄ ခု ရှိပြီဖြစ်ပါတယ်။

မြေလတ်ဒေသ မကွေးတိုင်းထဲက ပေါက်၊ မြိုင်၊ ထီးလင်း၊ ဂန့်ဂေါနဲ့ ဆောမြို့နယ်တွေ ပါဝင်ပြီး ပဲခူးတိုင်းမှာ အရှေ့ခြမ်းက ထန်းတပင်မြို့နယ်နဲ့ အနောက်ခြမ်းက အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်း စတဲ့မြို့နယ်တွေကိုလည်း ဖေဖေါ်ဝါရီလ ၂ ရက်ကတည်းက စစ်အုပ်ချုပ်ရေး ကြောညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ချင်းပြည်နယ်က တီးတိန်နဲ့ တွန်းဇံမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါသေးတယ်။

လက်ရှိမှာ ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တွေမှာ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေက အပြင်းအထန် ခုခံနေသလို စစ်ကောင်စီတပ်ကလည်း ကျေးရွာတွေကို လှည့်လည်မီးရှို့တာတွေ လုပ်ဆောင်နေပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10