စစ်ကိုင်းနဲ့ မကွေးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်ကို ဘယ်လိုသုံးနေရလဲ

စစ်ကိုင်းနဲ့ မကွေးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်ကို ဘယ်လိုသုံးနေရလဲ

စစ်အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အင်တာနက်ပြတ်တောက်မှုတွေ၊ အသုံးပြုမရတော့တာတွေနဲ့ စစ်ကောင်စီက သတင်းအချက်အလက်သိပိုင်ခွင့် ဝေမျှခွင့်တွေကို ကန့်သတ်ချုပ်ချယ်ထားပါတယ်။ 

အဲ့ဒီလိုကန့်သတ်မှုတွေထဲမှာ တော်လှန်ရေးအားကောင်းရာ ဒေသတွေကို ပိုလို့ပစ်မှတ်ထားပြီး အင်တာနက်ဖြတ်တောက်တာတွေ ပိုလုပ်ဆောင်လာပါတယ်။ 

ဒေသတွင်းမှာတော့ သတင်းအချက်အလက် ကြိုတင်သိရှိနိုင်ရေးဟာ အသက်လောက်အရေးကြီးနေပါတယ်၊ စစ်ကြောင်းဝင်ရောက်လာမယ့် သတင်းတွေ ကြိုတင်သိနိုင်ဖို့၊ အနီးနားဝန်းကျင်ရွာတွေနဲ့ စစ်ရေးသတင်းတွေ သိနိုင်ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေ အချင်းချင်း ချိတ်ဆက်ပြီး လှုပ်ရှားကြဖို့တွေက လွန်စွာအရေးကြီးနေပါတယ်။ 

အခက်ခဲများစွာကြားကပဲ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် သူတို့ဘယ်လိုတွေ အသုံးပြုနေကြရတာပါလဲ ဒေသတွင်းမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတချို့ ပြောဆိုချက်တွေကို မြေလတ်အသံက စုစည်းဖော်ပြပေးလိုက်ပါတယ်။

"အင်တာနက်လိုင်းက အဆောင်မှာသုံးလို့မရဘူးဗျ။ လိုင်းသုံးရင် တောင်ပေါ်ကိုတက်သုံးရတာလေ။ မြေပြင်မှာက Connection မကောင်းဘူး။ အဆောင်ကနေ ၁၅ မိနစ်လောက်လမ်းလျှောက်သွားရတယ်။ အဲ့ဒီတောင်ကုန်းက ပေ ၂၀၀ လောက်မြင့်တယ်။ လိုင်းသုံးလို့ အဆင်ပြေရုံလောက်ပါ။ သစ်ပင်ပေါ်တက်သုံးရတဲ့အခါလည်း ရှိပါတယ်။ ဖုံးဘေလ် မရှိတာမျိုးလည်း ကြုံရတယ်။" လို့ ပခုက္ကူခရိုင်တပ်ရင်း ၁၉၊ တပ်ခွဲ ၃၊ က ဗိုလ်မထားတပ်ဖွဲ့ မှ သတင်းတာဝန်ခံ ကပြောပါတယ်။ 

"ဖုန်းဘေလ် တကြိမ်ဝယ်ရင် တစ်သောင်းခွဲနဲ့ 30 GB ဝယ်သုံးတယ်ဗျ။ ၃ လလောက်တော့ရှိပြီ။ လက်ရှိကတော့ ၃ - ၄ ယောက်သုံးလို့ရတယ်။ တခါတလေတော့ မဆင်မပြေပါဘူး။ အရေးကြီးလို့ လိုင်းမရရင်တော့ မြို့နဲ့နီးတဲ့နေရာကိုသွားပြီး သုံးရတယ်။" လို့ ဂန့်ဂေါနယ်မြောက်ပိုင်း ဒေသကာကွယ်ရေးရဲဘော်တဦး ကပြောပါတယ်။

"အင်တာနက်လိုင်းဖြတ်ထားတာ ၁ နှစ်ကျော်ပြီ။ ပေ ၁၅၀ အမြင့်ကျော်ရအောင် ဝါးလုံးတွေဆက်လိုက်တယ်။ သစ်ပင်နဲ့တွဲချည်ထားတယ်။ ဝါးထိပ်ဆုံးမှာချိတ်ထားတဲ့ ကော်ပုံးထဲကို ဖုန်းခေါ်တဲ့လိုင်းပိတ်ပြီးတော့ Hotspot ဖွင့်ပြီး တင်ထားလိုက်တာ။ အမြဲတမ်းတော့ လိုင်းကမကောင်းဘူးဗျ။ကျနော်တို့က ဆက်သွယ်ချင်ရင် နာရီပိုင်းလောက်ခြားခြားပြီး လိုင်းစမ်းသုံးကြည့်ရတယ်။ လိုင်းရတဲ့အခါလည်း ၃ ယောက်သုံးတာအဆင်ပြေတယ်။ ဖုန်းဘေလ်က မြို့ကသူငယ်ချင်းက ဖြည့်ပေးတာဆိုတော့ ဘယ်လိုဝယ်ရလဲမသိပါဘူး။" လို့ ဒီပဲယင်းမြို့နယ် တောင်သူတဦးက ပြောပါတယ်။

"ရွာထဲမှာလိုင်းမရတော့ ရွာအပြင်တောထဲထွက်သုံးတာ အဆင်ပြေတယ်။ သစ်ပင်ပေါ်လည်း တင်သုံးတာရှိတယ်။ တချို့နေရာတွေက လိုင်းတော့ကောင်းပါတယ်။ Public Area ဖြစ်နေတော့ အဆင်မပြေဘူးလေ။ Wifi ဆိုရင်တော့ ပိုကောင်းချင်ရင်တိုင်နဲ့ ထောင်သုံးကြတယ်။ မိုင်တဲက ဒီဘက်မှာအသုံးမရှိသလောက်ပါ။ ဖုန်းလိုင်းကတော့ လေတိုးသံတွေပါပြီး လိုင်းမရှင်းဘူး။" လို့ မုံရွာမြို့နယ် ထောက်ပံ့ကူညီရေးအဖွဲ့ဝင်တဦး ကပြောပါတယ်။

အင်တာနက် ခက်ခဲဖြတ်တောက်ထားမှုတွေကြားကပဲ စစ်ကိုင်း၊ မကွေးက ဒေသပြည်သူနဲ့ တော်လှန်ရေးအဖွဲ့တွေဟာ အခြားသော ဒေသကပြည်သူလူထုတွေအတွက် သတင်းအချက်အလက်တွေကို မီဒီယာတွေနဲ့ အွန်လိုင်းစာမျက်နှာတွေကတဆင့် ဖြန့်ဝေပြောပြနေပါတယ်။ 

#မြေလတ်အသံ

#သတင်း #အင်တာနက်ပြတ်တောက်မှု #သတင်းသိပိုင်ခွင့် #သတင်းလွတ်လပ်ခွင့် #စစ်အာဏာသိမ်းမှု #စစ်ကိုင်း #မကွေး #ဒေသခံပြည်သူလူထု #ဖုန်း #အွန်လိုင်း #မီဒီယာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10