စစ်ကိုင်းမြို့နယ် စမွန်းရွာက လူနေအိမ်တွေကို စစ်တပ်က မီးရှို့

စစ်ကိုင်းမြို့နယ် စမွန်းရွာက လူနေအိမ်တွေကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ဘက်ခြမ်းမှာရှိတဲ့ စမွန်းရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက သြဂုတ်လ ၁၇ ရက် ဒီနေ့ ညနေ ၄ နာရီခွဲ ကျော်လောက်မှာ ဝင်ရောက်မီးရှို့ သွားတယ်လို့ Wetlet Informational Network ဆီက  သိရပါတယ်။

ခက်ခကျေးရွာမှာ ရောက်နေတဲ့ အင်အား ၃၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့ဟာ ခက်ခရွာကနေ  ၂ မိုင်ကျော်ဝေးတဲ့ စမွန်းရွာထဲကို သေနတ်တွေ ပစ်ဖောက်ဝင်ရောက်ပြီး လူနေအိမ်တွေကို မီးဝင်ရှို့သွားတာဖြစ်ပါတယ်။

အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ စမွန်းကျေးရွာဟာ စစ်ကောင်စီတပ်တွေ မကြာခဏဝင်ရောက်ချင်းခံရတာကြောင့် ရွာသားတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ တောတွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြတာဟာ ၂ လနီးပါးရှိနေပြီလို့ သိရပါတယ်။

“သူတို့(စစ်ကောင်စီတပ်) ခက်ခရွာထဲ ရှိနေတဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေက Drone တွေနဲ့ သွားပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ အဲလိုအပစ်ခံရတော့ စမွန်းရွာထဲကိုဝင်ပြီး မီးရှို့တော့တာဘဲ။ အခုချိန်ထိ မီးလောင်နေ တုန်းဆိုတော့ ကျနော်တို့လည်း မီးထဲနေအိမ်ဘယ်လောက်ပါသွားလဲ မသိရသေးပါဘူး” လို့ Wetlet Informational Network အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

စမွန်းကျေးရွာကို နာရီဝက်ခန့်ကြာ မီးရှို့မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ခက်ခရွာ ထဲကို ပြန်လည် ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

“ရွာထဲမှာ ရွာသားတွေ မရှိတော့တာကြာပါပြီ။ တခါတလေ နေ့ခင်းဘက်တွေလောက်မှ ရွာထဲဝင်ပြီး သူတို့လို အပ်တာလေးတွေ ပြန်ယူတာမျိုးဘဲလုပ်တော့တယ်။ ရွာထဲမှာ ပြန်ပြီးနေထိုင်တာမျိုးတော့ မရှိသေးဘူး” လို့ ဆိုပါတယ်။

စစ်ကိုင်းနယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက တပ်ဖြန့်ပြီး ဝင်ရောက်နေတဲ့အတွက် ခက်ခရွာ၊ စမွန်းရွာ၊ ပဒူရွာ၊ ကျွန်းဦးတောရွာ၊ ထန်းကြီးရွာ၊ ကျောင်းဖြူရွာနဲ့ တလိုင်းရွာ အစရှိတဲ့ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

အခုလက်ရှိအချိန်ထိလည်း ခက်ခရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲလို့လည်း သိရပါတယ်။ 

စမွန်းကျေးရွာဟာ ပထမဆုံးအကြိမ်မီးရှို့ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်က စမွန်းရွာထဲကို စစ်ကောင်စီ တပ်ဖွဲ့ကဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီရွာက ဒေသခံ ၄ ဦးကို  မီးရှို့သတ်ဖြတ်သွားခဲ့ပါသေးတယ်။

ပုံစာ - ဇွန်လ ၂၉ ရက်နေ့က စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ စမွန်းရွာသားများ။ (ပုံဟောင်း) 

စာတည်း − လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့ #စမွန်းရွာ #မီးရှို့ #စစ်ကောင်စီ #ခက်ခရွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10