စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာက နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့

စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာက နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမပေါ်မှာရှိတဲ့ ကျော်ဇေယျာရွာက နေအိမ် ၆ လုံးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေက ဇူလိုင် ၃၁ ရက် မနေ့မနက် ၄ နာရီကျော်လောက်မှာ ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မာလဲတောကျေးရွာက ထွက်လာတဲ့ အင်အား ၁၀၀ နီးပါးပါ စစ်ကောင်စီအဖွဲ့ဟာ အဲ့ဒီရွာနဲ့  ၂ မိုင်ကျော်အကွာရှိ ကျော်ဇေယျာရွာကို စစ်ကြောင်း ၂ ကြောင်းခွဲဝင်ရောက်ကာ နေအိမ်တွေမီးရှို့ပြီး ဒေသခံရဲ့ ပစ္စည်းတွေကိုပါ ယူသွားခဲ့ကြတာပါ။ 

ဒါ့အပြင် ရွာကပြန်ထွက်ချိန် ညနေ ၅ နာရီလောက်မှာလည်း ကျော်ဇေယျာရွာသား ၄၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားပြီး မာလဲတောရွာအနီးကျမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

“သူတို့ ရွာထဲကို ရုတ်တရက်ဝင်လာတော့ ရွာသားတွေလည်း ပြေးချိန်မရလိုက်ဘူး။ နောက်ပြီးတော့ ကျော်ဇေယျာရွာကလည်း လမ်းမဘေးမှာရှိတာဆိုတော့ ပြေးလို့လည်း မလွတ်ဘူးလေ။ ရွာထဲက အိမ်တွေမီးရှို့ပြီးတော့ ရွာသားတွေကိုလည်း ဖမ်းခေါ်သွားပြီး မာလဲတောရွာနားရောက်တော့ ပြန်လွှတ်ပေးခဲ့တယ်” လို့ စစ်ကိုင်းမြို့ခံတဦးက ပြောပါတယ်။

ရွာသားတွေကို ဖမ်းခေါ်သွားစဥ် လမ်းတလျှောက်မှာ ရိုက်နှက်တာတွေလုပ်ခဲ့ပြီး စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရရင် ကျန်နေတဲ့အိမ်တွေကို မီးထပ်ရှို့မယ်လို့လည်း ဖမ်းဆီးခံရွာသားတွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်အတွင်းမှာ အဲ့ဒီစစ်ကောင်စီအဖွဲ့ထဲက တပ်ဖွဲ့ဝင်အချို့ မာလဲတောရွာနဲ့ ကျော်ဇေယျာရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ခုလို ရွာကို စစ်ကြောင်းထိုး မီးရှို့တာလို့ ဆိုပါတယ်။ 

“ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့စစ်ကြောင်းက မိုင်းဆွဲခံရတယ်။ အဲ့ဒီမှာ သူတို့ဘက်ကလူတွေ ထိခိုက်သေဆုံးတာတွေရှိတယ်။ ဒါကိုမကျေနပ်လို့ ကျော်ဇေယျာကို မီးရှို့တော့တာပဲ” လို့ အထက်ပါဒေသခံက ဆက်ပြောပြပါတယ်။

၂၀၂၂  ဇွန် ၂၁ ရက်မှာ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ ကျော်ဇေယျာရွာက ရွာခံ ၃ ဦးအဖမ်းခံတာမျိုးရှိခဲ့ပြီး မီးရှို့ခံရတာဟာ အခုအကြိမ် ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ကျော်ဇေယျာ #စစ်ကောင်စီ #နေအိမ်မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10