စစ်ကိုင်းမြို့ပေါ်မှာ အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးနင်းလို့ ဖမ်းဆီးထောင်ချခံရမှုတွေရှိနေ

စစ်ကိုင်းမြို့ပေါ်မှာ အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးနင်းလို့ ဖမ်းဆီးထောင်ချခံရမှုတွေရှိနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မြို့ပေါ်ရပ်ကွက်တွေမှာ အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးသူတွေကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီးတဲ့နောက် ထောင်ဒဏ်ချမှတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစလို့ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေမှာ အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်မစီးနင်းဖို့ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် လိုက်လံပြောကြားခိုင်းပြီးတဲ့နောက် ဖမ်းဆီးမှုတွေလုပ်ဆောင်လာတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။


“ယောကျာ်းလေး ၂ ယောက် မစီးရဘူးလို့ ကြိုပြီးထုတ်ပြန်တာမျိုးလည်း မရှိဘူး။ လိုက်ကြေငြာတာမျိုးလည်း မရှိဘူး။ အဲ့ဒီနေ့မနက်ကတော့ ရပ်ကွက်တွေထဲမှာတော့ လိုက်ပြောတာမျိုးရှိတယ်လို့တော့ သိရတယ်။ ယောကျ်ားလေး ၂ ယောက်ပိုးကိုတော့ မထင်ရင်မထင်သလို ဖမ်းတယ်။ ညနေ ၆ နာရီ နောက်ပိုင်းလောက်မှာ ဖမ်းတာပိုများဖမ်းတယ်။ လမ်းဂွတွေမှာ စောင့်ဖမ်းတာ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေကို ဆိုင်ကယ်သိမ်းဆည်းတာ၊ ဒဏ်ငွေရိုက်တာတွေအပြင် ထောင်ဒဏ် ၁ လ ချမှတ်ခံရသူတွေလည်း ရှိတယ်လို့ ငါးထပ်ကြီးရပ်ကွက် ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“စဖမ်းတဲ့ ၂ ရက်မြောက်နေ့က ငါးထပ်ကြီးရပ်ကွက်ဘက်မှာလာဖမ်းသွားတာ။ မိန်းကလေးတွေ ဖမ်း၊ မဖမ်းတော့ မသိရသေးဘူး။ ယောက်ျားလေး ၂ ယောက်တွဲစီးလို့ ဖမ်းတာ ၁၈ ယောက် ဖမ်းခံလိုက်ရတယ်။ အဲ့ဒီထဲက အသက်မပြည့်တဲ့ကလေးတွေပါတော့ ဆိုင်ကယ်တွေကို သိမ်းထားပြီး ဒဏ်ငွေ ၃၀၀၀၀ ဆောင်ခိုင်းတယ်။ အသက်ပြည့်ပြီး လူတွေထဲက ထောင်ဒဏ် ၁ လ ချခံရတဲ့သူတွေရှိတယ်။ ၂ ရက်အတွင်း အပြီးအမိန့်ချတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ၎င်းတို့ကို ခုခံတော်လှန်မှုအားကောင်းတဲ့မြို့နယ်တွေရဲ့ မြို့ပေါ်တွေမှာ တော်လှန်ရေးအင်အားစုတွေက အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးနင်းပြီး တိုက်ခိုက်တာတွေလုပ်ဆောင်တယ်လို့ဆိုကာ အမျိုးသား ၂ ဦးတွဲ စီးနင်းခွင့်တားမြစ်ပိတ်ပင်ထားပြီး စီးနင်းတာတွေ့ရင် ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ပခုက္ကူမြို့ပေါ်မှာ ဆိုင်ကယ်တဦးထက်ပိုမစီးနင်းရ အမိန့်ထုတ်ပြန်ခဲ့ပြီး ၁ ဦးထက်ပိုပြီး စီးနင်းသူတွေကို ပစ်ခတ်ဖမ်းဆီးလို့ မြို့ခံတချို့ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

 စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10