စစ်ကိုင်းမှာ ရဲမှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

စစ်ကိုင်းမှာ ရဲမှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

စစ်ကိုင်းမြို့နယ်‌၊ ညောင်ပင်ဇင်အုပ်စုအုပ်ချုပ်ရေးမှူးလည်းဖြစ် ဒေသတွင်း ပျူစောထီး (စစ်ကောင်စီလက်အောက်ပြည်သူ့စစ်)ခေါင်း‌ဆောင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

သေဆုံးသူမှာ ရဲမှုထမ်းဟောင်းလည်းဖြစ်သူ အသက် ၄၁ နှစ်အရွယ် အုပ်ချုပ်ရေးမှူး လွှမ်းမိုးနိုင် ဖြစ်ပြီး ဇန်နဝါရီ ၃ ရက် မနက် ၁၀ နာရီလောက်က ၎င်းရဲ့ မြင်းမွေးရွာနေအိမ်ကနေ ကားမောင်းနှင်လာစဉ် ညောင်ပင်ဇင်း - မြင်းမွေးလမ်း၊ ညောင်ပင်ဇင်းရွာအနီးမှာ  ပိတ်ဆို့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ သူက အုပ်ချုပ်ရေးမှူးသာလုပ်နေတာ ရွာမှာမနေရဲဘူး။ မိန်းမနဲ့ကလေးတွေနဲ့ စစ်ကိုင်းမှာ နေတာ။ အခုက မြင်းမွေးရွာကို ပြည်သူ့စစ်ယူနီဖောင်းဝတ်နဲ့ ခဏလာပြီး စစ်ကိုင်းကိုပြန်တာ။ တယောက်တည်း ကားမောင်းလာတာကို စောင့်ပစ်ရတာ။” လို့  လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ပစ်ခတ်ခံရပြိးနောက် သေဆုံးသူ လွှမ်းမိုးနိုင်ရဲ့ ကားအတွင်းရှာဖွေရာ ရဲဝန်ထမ်းစိစစ်ရေးကတ်တွေနဲ့ WY မူးယစ်ဆေးပြား ၂၆ ပြားကို တွေ့ရှိခဲ့ပြီး အဲ့ဒီပစ္စည်းတွေနဲ့ သူဝတ်ဆင်လာတဲ့ကျည်ကာကို မှတ်တမ်းအနေနဲ့ သိမ်းယူခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ကိုလွှမ်းမိုးနိုင်ဟာ ဆင်တပ်ကျေးရွာပျူစောထီးအဖွဲ့တွေကို ဦး‌ဆောင်ပြီး အုန်းတောရွာတွင်းအထိုင်ချကာ ပြည်သူတွေကိုငွေညှစ်ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာ ၊ မူးယစ်ဆေးဝါးရောင်းချတာ၊ လောင်းကစားဝိုင်းတွေမှာ လိုင်းကြေးကောက်ခံပြီး စစ်ကောင်စီကိုပံ့ပိုးတာနဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေရဲ့ သတင်းတွေလိုက်လံစုံစမ်းကာ စစ်ကောင်စီထံပေးပို့တာတွေ လုပ်ဆောင်နေသူဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

သေဆုံးရုပ်အလောင်းကို အဲ့ဒီနေ့မှာပဲ စစ်ကိုင်းမြို့၊ အိုးဘိုပရဟိတအသင်းက လာရောက်သယ်ယူသွားပြီး ဇန်နဝါရီ ၄ ရက် မနေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ကရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကလည်း စစ်ကိုင်းမြို့ အောင်ချမ်းသာရပ် မီးပွိုင့်အနီးကိုရောက်လာတဲ့စစ်အုပ်စုဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - လွှမ်းမိုးနိုင်ဆီက သိမ်းဆည်းရရှိသည့် WYဆေးပြားများ၊ ကျည်ကာနှင့် သက်သေခံကဒ်များ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ရဲမှုထမ်းဟောင်း #ပျူစောထီးခေါင်းဆောင် #အုပ်ချုပ်ရေးမှူး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10