စစ်ကူပေးပြီး ပြန်လာတဲ့ စစ်သင်္ဘောကိုတိုက်ခိုက်လို့ စစ်သားတဦးသေဆုံး

စစ်ကူပေးပြီး ပြန်လာတဲ့ စစ်သင်္ဘောကိုတိုက်ခိုက်လို့ စစ်သားတဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့စစ်ကောင်စီသင်္ဘောတစီးကို ဇူလိုင် ၅ ရက် မနေ့ညနေက တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးခဲ့တယ်လို့ ဗန္ဓုလနဲ့ အဖွဲ့သားများ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာတိုက်ပွဲမှာ စစ်ကူပေးပြီး ပြန်လာတဲ့ စစ်သားနဲ့ပျူစောထီး အင်အား ၂၅ ဦး၀န်းကျင်ပါ သင်္ဘောကို မုံရွာမြို့နယ် ရေပိုင်နက်တခုမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

"ကျနော်တို့ဘက်က လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်တာပါ။ သူတို့ကလည်း ၄၀ မမတွေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ကင်းထောက်တွေရဲ့ သတင်းပေးချက်အရ စစ်သားတဦး သေဆုံးတယ်ဆိုတာသိရတာပါ" လို့ ဗန္ဓုလနဲ့အဖွဲ့သားများတပ်ဖွဲ့မှ တာ၀န်ရှိသူ က ပြောပါတယ်။

 

တိုက်ခိုက်ခံရပေမယ့် စစ်သင်္ဘောဟာ ရပ်တန့်တာမျိုးမရှိဘဲ အထက်ကို ဆက်လက်ဆန်တက်သွားတယ်လို့သိရကာ၊ သင်္ဘောပေါ်က စစ်သားတဦးသေဆုံးတာနဲ့ ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

 

ဒီတိုက်မှုကို Chindwin Fighter Group ကဦးဆောင်ပြီး Farmers Revolution Force 3 မုံရွာခရိုင် တပ်ရင်း ၁၀၊ မုံရွာခရိုင်တပ်ရင်း ၉ တပ်ခွဲ ၃၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Brave Heart Army (BHA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

ဇွန်လ ၂၈ ရက်ကလည်း ဗန္ဓုလနဲ့အဖွဲ့သားများတပ်ဖွဲ့ဟာ မုံရွာကနေ ပေါင်းဝရွာကိုထွက်လာတဲ့ စစ်ကောင်စီရေယာဥ် ၃ စီးပါတန်းကို အခြားမဟာမိတ်တွေနဲ့ပေါင်းကာတိုက်ခိုက်ခဲ့ကြပါသေးတယ်။

 

ပုံစာ - မုံရွာကနေ ပေါင်းဝရွာကိုထွက်လာတဲ့ စစ်သင်္ဘောကို ဇွန် ၂၈ ရက်က တိုက်ခိုက်စဥ်။ (ပုံဟောင်း)

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #စစ်သင်္ဘော #တိုက်ခိုက် #စစ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10