စစ်ကူလာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၂ ဦးသေကာ ၃ ဦးဒဏ်ရာရ

စစ်ကူလာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၂ ဦးသေကာ ၃ ဦးဒဏ်ရာရ

 

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့မှာ ဇန်နဝါရီလ ၂၇ ရက် မနေ့ညနေက စစ်ကူလာတဲ့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦး သေကာ ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ Phoenix DF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာက တာဝါတိုင်ကို ကင်းစောင့်တဲ့ စစ်သားတွေ နတ်တလင်းမြို့နယ် ဘိုကြီးစခန်းကို စစ်ကူလာချိန် မနေ့ညနေ ၃ နာရီလောက်က ပျဥ်းမခေါင်ရွာအနီးမှာ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။ 

"သူတို့က အင်အား ၃၀ ကျော်နဲ့ ဘိုကြီးစခန်းကို စစ်ကူလာတာ သတင်းရလို့ ပျဥ်းမခေါင်ရွာကို မရောက်ခင်မှာ မိုင်းဆွဲခဲ့တာ စစ်သား ၂ ယောက်က နေရာမှာပဲ သေတယ်။ ဒဏ်ရာရတာက ၃ ယောက်။ အဲဒီ ၃ ယောက်ကို ပျဥ်းမခေါင်ကျေးရွာက လူတွေက တောင်ညိုဆည်ဘက်ကို ထမ်းခေါ်သွားတယ်" လို့ Phoenix DF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံတဦး ပြောတာကတော့ ပေါင်းတည်ကလာတဲ့ စစ်သားတွေဟာ စိတ်ဓါတ်ပျက်ပြားနေပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်က ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာ ဆတ်သေချောင်းအနီး PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ က မိုင်းဆွဲတိုက်ခိုက်ခံရစဥ်က စစ်သားအချို့သေဆုံးတာနဲ့ပတ်သက်ပြီး အထက်အရာရှိတွေကို အော်ဟစ်ဆဲဆိုတာမျိုးတွေ ပြုလုပ်တာတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အခုတိုက်ခိုက်မှုမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ရဲ့ တပ်ခွဲ ၁ Zigon PDF ၊  တပ်ခွဲ ၂ Phoenix DF(Nattalin PDF) ၊ တပ်ခွဲ ၃ နတ်စစ်သည်နဲ့ တပ်ခွဲ ၄ က MRF- Nattalin တို့ ပူးပေါင်းတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကလည်း Phoenix DF နဲ့ ပူးပေါင်းအဖွဲ့တွေက နတ်တလင်းကနေ တောင်ညိုဆည်အထက် ဘိုကြီးစခန်းကို စစ်ကူလာတဲ့ စစ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့လို့  စစ်သား ၄ ဦး သေကာ ၆ ဦး ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10