စစ်ကောင်စီက ကျောင်းအပ်လက်ခံနေပြီး ကျောင်းသုံးပစ္စည်းတွေကို အပြည့်အစုံ မပေးနိုင်သေး

စစ်ကောင်စီက ကျောင်းအပ်လက်ခံနေပြီး ကျောင်းသုံးပစ္စည်းတွေကို အပြည့်အစုံ မပေးနိုင်သေး

စစ်ကောင်စီလက်အောက်ခံ အခြေခံပညာဦးစီးဌာနက ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသားတွေကို ကျောင်းအပ်လက်ခံနေပြီဖြစ်ပေမယ့် အခမဲ့ ထောက်ပံ့ပေးမယ့် စာရေးကိရိယာတွေနဲ့ ကျောင်းသုံးစာအုပ်တွေ အပြည့်အစုံမရသေးဘူးလို့ ကျောင်းသားမိဘတွေ ဆီက သိရပါတယ်။

“အလယ်တန်း‌ကျောင်းသားကို ကျောင်းသွားအပ်တာ ဘာစာအုပ်မှ မရခဲ့ဘူး။ ကျောင်းတက်မှ ရမယ်လို့ ပြော တယ်။ ပိုက်ဆံတောင်းတာမျိုးတော့ မရှိသေးဘူး။ ပုံနှိပ်အဟောင်းလေးတွေတော့ ကြိုစုထားလို့ တော်သေးတယ်” လို့  ပေါင်းတည်မြို့နယ် မင်းကွက်အထကမှာ ကျောင်းအပ်ခဲ့တဲ့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျောင်းကထောက်ပံ့တဲ့ ဗလာစာအုပ် တဒါဇင်ရကာ အလယ်တန်းကျောင်းသား တဦးရဲ့ ပညာသင်နှစ် တနှစ်လုံးအတွက် ဗလာစာအုပ် ၄ ဒါဇင် ထပ်ဝယ်ဖြည့်ရတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ပြင်ပဈေးကွက်မှာ ဗလာစာအုပ် တဒါဇင်ကို အမျိုးအစားအလိုက် ပျှမ်းမျှ ကျပ် ၇,၀၀၀ ကနေ ကျပ် ၁၂,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ စာရေးကိရိယာ‌‌ရောင်းဝယ်သူတဦးဆီက သိရပါတယ်။ 

ပညာရေးဌာနနဲ့ နီးစပ်သူတဦးကတော့ မူလတန်းကျောင်းသားတွေကို ဗလာစာအုပ်တဒါဇင်၊ ခဲတံ ၄ ချောင်းနဲ့ ပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံ တစုံ၊ အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေကို ဗလာစာအုပ် တဒါဇင်နဲ့  ပုံနှိပ် စာအုပ်အစုံ ထောက်ပံ့ဖို့ ရှိပြီး လက်ရှိမှာ မစုံလင်သေးလို့ မပေးနိုင်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ဝါဒဖြန့် မီဒီယာတခုဖြစ်တဲ့ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မေ ၁၁ ရက်က ထုတ်ပြန်တဲ့ သတင်းမှာတော့ ပေါင်းတည်မြို့နယ်အတွင်း ၂၀၂၄ - ၂၀၂၅  ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်တွေ အစုံအလင်  ရောက်ရှိနေပြီဖြစ်တယ်လို့  ဖော်ပြထားပါတယ်။

စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို မေ ၂၃ ရက်ကနေ  ဇွန်လ ၂ ရက်အထိ ‌ကျောင်းအပ်လက်ခံရက် သတ်မှတ်ထားပြီး ဇွန် ၃ ရက်မှာ စတင်သင်ကြားသွားမှာလို့ သိရပါတယ်။

ပုံစာ -  ‌ပေါင်းတည်မြို့နယ်မှာ ကျောင်းသုံးစာအုပ်တွေ ဖြန့်ဝေနေမှုမြင်ကွင်း။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #အခြေခံပညာဦးစီးဌာန #မူလတန်း #ကျောင်းသား #စာရေးကိရိယာ #ကျောင်းသုံးစာအုပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10