စစ်ကောင်စီက ချောဆွဲလာတဲ့ ကားကို PDF သတိပေးပြီး ပြန်လွှတ်

စစ်ကောင်စီက ချောဆွဲလာတဲ့ ကားကို PDF သတိပေးပြီး ပြန်လွှတ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ  စစ်ကောင်စီတပ်သားတွေကို လိုက်ပို့ပြီး ပြန်လာတဲ့ ကားကို ဖမ်းဆီးပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို သတိပေးကာ ကားကို ပြန်လွှတ်ပေးခဲ့တယ်လို့ နတ်မောက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - NPDF က သတင်းထုတ်ပြန်ထားပါတယ်။

နတ်မောက်မြို့  အရှေ့ဘက်ခြမ်းကို စစ်သားတွေပို့ပြီး ပြန်လာတဲ့ ကားကို ဒီမနက် ၇ နာရီလောက်က ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။ 

အဲဒီကားဟာ နတ်မောက်မြို့နယ်၊ ရွာမွန်ပင်မစစ်လက်နက်သိုလှောင်ရေးတပ်ကနေ စစ်သားအင်အား ၃၀ ဦးလောက်ကို တင်လာတာလို့ ဆိုပါတယ်။   

“အရပ်သားပိုင်ကားမို့ ပြန်လွှတ်ပေးလိုက်တာ။ စစ်ကောင်စီနဲ့ မပတ်သက်ဖို့ ရှောင်နိုင်သမျှ ရှောင်ပြီး ကင်းအောင် နေဖို့ ၊ နောက်ထပ် ဒီအပြုမူမျိုး ဆက်ဖြစ်ရင် ကျနော်တို့ အဖွဲ့ အနေနဲ့ ထိုက်သင့်တဲ့ ပြစ်မှု ပြစ်ဒဏ်ပေးပြီး အလုပ်ဆက်လုပ်သွားမယ်ဆိုပြီး သတိပေးစကား ပြောခဲ့တယ်။“ လို့  NPDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်စည်း က  ပြောပါတယ်။

အဲဒီကားဟာ နတ်မောက်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ သယ်ပို့လုပ်ငန်းက အရပ်သားပိုင် လိုင်းကားဖြစ်ပြီး စစ်ကောင်စီတပ်က ချောဆွဲလာတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နတ်မောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က  ဖေဖေါ်ဝါရီ ၂၃ ရက်ကစကာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက် ညနေ ၃ နာရီခွဲလောက်ကတော့ နတ်မောက်မြို့နယ်၊ ရွာမွန်ပင်မစစ်လက်နက် သိုလှောင်ရေးတပ်ကနေ အင်အား ၂၅ ဦးလောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်လို့ စစ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

ပုံစာ - သတိပေးခံရသည့် မော်တော်ယာဉ်၊ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်ကို တွေ့ရစဥ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #နတ်မောက်မြို့နယ် #စစ်ကောင်စီ #ယာဉ်မောင်း #ယာဉ်နောက်လိုက် #နတ်မောက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ #NPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10