စစ်ကောင်စီကို မိုင်းခွဲအပြီး တခြားမိုင်းတွေပါ ရှော့ဖြစ်ကွဲလို့ PDF ၆ ဦးဒဏ်ရာရ ဆေးကုသဖို့ ငွေလိုအပ်နေ

စစ်ကောင်စီကို မိုင်းခွဲအပြီး တခြားမိုင်းတွေပါ ရှော့ဖြစ်ကွဲလို့ PDF ၆ ဦးဒဏ်ရာရ ဆေးကုသဖို့ ငွေလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ မိုင်းမတော်တဆပေါက်ကွဲခဲ့ပြီး၊ PDF ရဲဘော်တွေ ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၂၂ တပ်ရင်းထံက သိရပါတယ်။

ခင်ဦးမြို့နယ်၊ မန်ကျည်းတုံရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ပါ Light Truck ကားကို ဇွန်လ ၁၃ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်ခန့်က မြို့အထွက်ဆီဆိုင်အနီး မိုင်းဆွဲတိုက်ခိုက်ပြီးအပြန်မှာ တခြားမိုင်းတွေရှော့ဖြစ်လို့ ပေါက်ကွဲခဲ့ရာက ဒဏ်ရာရခဲ့တာလို့ ရွှေဘိုခရိုင်အမှတ် ၂၂ တပ်ရင်း၊ သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"စစ်သားတွေပါလာတဲ့ Light Truck ကားကို တခြားရွာသွားမှာ စိုးလို့မိုင်းခွဲ တိုက်ခဲ့တာဗျ။ မိုင်းခွဲပြီး အပြန်မှာ တခြားမိုင်းတွေရှော့ဖြစ်ပြီး ပေါက်ကွဲကုန်တာ။ ရဲဘော် ၆ ဦးဒဏ်ရာရတယ်။ ၃ ဦးကဒဏ်ရာပြင်းတော့ စိုးရိမ်ရတယ်။ ဆေးကုပေးဖို့ ငွေကြေးလိုနေပါတယ်" လို့ သတင်းတာဝန်ခံ ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေစီးလာတဲ့ Light Truck ကားမှာလည်း မိုင်းထိလို့ ပျက်စီးသွားပြီး၊ စစ်သားသေဆုံး ဒဏ်ရာရတာ မစုံစမ်းနိုင်သေးဘဲ၊ PDF လူနာတွေကို ဘေးလွတ်ရာ အမြန်သယ်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ထောင်ထားတဲ့ ပဒေသာ မိုင်း ၇ လုံးတွဲမှာ အသက်သွင်းပြီးသား ဖြစ်တာမလို့၊ မိုင်းခွဲပြီးအပြန်မှာ အနုတ်ဘက်က ရှော့ဖြစ်သွားတဲ့အတွက် ဆက်တိုက်ပေါက်ကွဲ ကုန်တာလို့ ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ပြောဆိုပါတယ်။

အခုလို တိုက်ခိုက်ရာက ဒဏ်ရာရ ရဲဘော်၅ ဦးနဲ့ ကင်းထောက် ရဲမေ ၁ ဦးထဲမှ၊ ဒဏ်ရာပြင်းထန်တဲ့ ရဲဘော် ၃ ဦး ကို ဆက်လက်ဆေးကုသ နိုင်ဖို့အတွက် အကူအညီလိုအပ်နေလို့ ပြည်သူတွေ ကူညီပေးဖို့ပြောခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - 007

 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #PDF #မိုင်းခွဲတိုက်ခိုက် #ခင်ဦး #ထိခိုက်ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10