စစ်ကောင်စီကို အသက်ပေးကာကွယ်မယ်ဆိုတဲ့ အုတ်ဖိုက ပျူခေါင်းဆောင်ရာအိမ်မှူးဆိုသူ ရှင်းလင်းခံရ

စစ်ကောင်စီကို အသက်ပေးကာကွယ်မယ်ဆိုတဲ့ အုတ်ဖိုက ပျူခေါင်းဆောင်ရာအိမ်မှူးဆိုသူ ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်လို့ နာမည်ထွက်နေတဲ့ ရာအိမ်မှူး ၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ PDF တာဝန်ခံဆီက သိရပါတယ်။

 

အုတ်ဖိုမြို့၊ အောက်ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကလေးရွာက ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးဆိုသူ ဦးမြင့်ဦး ကို ယနေ့ ဇူလိုင် ၆ ရက် မနက် ၆ နာရီခွဲအချိန်က သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို ရဲဘော်တွေကရှင်းလင်းခဲ့တာလို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

 

" ဒီနေ့မနက်အစောပိုင်းက မြင့်ဦးကို သူ့အိမ်မှာရှင်းခဲ့တာဗျ။ ဦးခေါင်းကို ၄ ချက်ပစ်ခဲ့တယ်။ အိမ်ထဲမှာသူ့မိသားစုတွေလည်းရှိတယ်။ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ပါ။ ကျနော်တို့အဖွဲ့တွေ ချက်ချင်းပြန်ဆုတ်ခဲ့တယ်" လို့ PDF တာဝန်ခံက ပြောပါတယ်။

 

ဦးမြင့်ဦးမှာ စစ်ကောင်စီဘက်တော်သား မြို့မရဲစခန်းနယ်ထိန်းနဲ့ပေါင်းပြီး၊ လောင်းကစားဝိုင်း၊ ချဲနှစ်လုံးဒိုင်၊ အရက်ဆိုင်၊ သစ်သူခိုးတွေထံ လိုက်လံဆက်ကြေးကောက်တာ၊ စိုက်ဘဏ်ချေးငွေ၊ သမချေးငွေနဲ့ မြစိမ်းရောင်ချေးငွေတွေကို ပြည်သူတွေထံကခြိမ်းခြောက်တောင်းခံတာကို ဦးဆောင်တာတွေလုပ်နေလို့ ရှင်းလင်းခဲ့ရတာလို့ သူကဆက်ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီအတွက် လိုအပ်ပါက အသက်ပေးကာကွယ်သွားမယ်လို့ ကြွေးကြော်နေသလို၊ သူရဲ့မိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေကိုလည်း စစ်ကောင်စီထံ အင်အားစုဆောင်းပေးနေတာ၊ နယ်ထိန်းအားကိုးနဲ့ ပြည်သူလူထုကို မထင်ရင်မထင်သလို ဖိနှိပ်၊ အနိုင်ကျင့်၊ ဒုက္ခပေးနေသူဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

 

ပစ်ခတ်ခံရတဲ့ ဦးမြင့်ဦးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မြေလတ်အသံက သီးခြား အတည်မပြုနိုင်သေးပါဘူး။

 

ဇူလိုင် ၁ ရက်ကလည်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ဇီးဖြူကုန်းနယ်မြေရဲစခန်းနဲ့ လောင်းကစားဝိုင်းကို LPNPDF အပါပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နယ်ထိန်းအပါ ရဲ ၃ ဦးနဲ့၊ ပျူစောထီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်ဖို #ပျူစောထီး #ရာအိမ်မှူး #ရှင်းလင်းခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10