စစ်ကောင်စီကျင်းပမဲ့သင်္ကြန်မှာ မပါဝင်ဖို့ နတ်တလင်း ပကဖ ဆို

စစ်ကောင်စီကျင်းပမဲ့သင်္ကြန်မှာ မပါဝင်ဖို့ နတ်တလင်း ပကဖ ဆို

စစ်ကောင်စီက ကျင်းပမယ့်သင်္ကြန်ပွဲမှာ ပြည်သူတွေမပါဝင်ဖို့ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက်အမှတ် ၄/၂၀၂၃နဲ့ ဧပြီလ ၆ ရက်မနေ့က ထုတ်ပြန်ပါတယ်။

 

ခုလို စစ်ကောင်စီက သင်္ကြန်ကို စည်ကားအောင် လုပ်နေတာဟာ ပြည်သူတွေကို သတ်ဖြတ်၊ နှိပ်စက်ထားတာတွေကို ဖုံးအုပ်ဖို့ ကြံရွယ်နေတာဖြစ်တယ်လို့ နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဓိကတော့ နတ်တလင်းက ပြည်သူတွေကို ကိုယ့်အရပ်ကိုယ့်ဒေသမှာ အေးချမ်းနေတယ်ဆိုတိုင်း နေချင်သလို ပျော်ချင်သလို မနေကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဆိုတာ တရားဝင်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒီလို တရားမဝင် စစ်ရာဇဝတ်ကောင်တွေက လုပ်မယ့် သင်္ကြန်ဆိုတာ ပြည်သူတွေကို သတ်ဖြတ်၊ နှိပ်စက်ထားတဲ့ လုပ်ရပ်တွေကို ဖုံးအုပ်မယ့် အကြံပဲ။” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အုပ်ချုပ်နေချိန်အတွင်း ပြည်တွင်းမှာ အေးချမ်းတည်ငြိမ်မှုရှိပြီး ပြည်သူတွေအနေနဲ့လည်း ပျော်ရွှင်နေကြတယ်ဆိုတာကို လိမ်လည်ပြသလိုတဲ့အတွက် သင်္ကြန်ကို စည်ကားအောင်ကျင်းပဖို့ ဆောင်ရွက်နေတာလို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အခုကာလဟာ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ယုတ်မာအကြမ်းဖက်နေတဲ့ အာဏာလုစစ်တပ်ကို အမြစ်ပြုတ်တိုက်နေတဲ့ တော်လှန်ရေးကာလဖြစ်ပြီး အသက်ပေးခဲ့ရတဲ့ ပြည်သူတွေ၊ ရဲဘော်တွေနဲ့ အိုးအိမ်စည်းစိမ်ဖျက်ဆီးခံရတဲ့ပြည်သူတွေ၊ အာဏာဖီဆန်တဲ့ပြည်သူ့ဝန်ထမ်းတွေ၊ ဒေသအသီးသီးက စစ်ရှောင်ပြည်သူတွေအပါအဝင် ဒုက္ခမျိုးစုံခံစားနေရတဲ့ ပြည်သူတွေကို ငဲ့ညှာတဲ့အနေနဲ့ အခု သင်္ကြန်လို ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

တော်လှန်ရေးကာလဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်တလင်း) အနေနဲ့ ရန်သူအကြမ်းဖက်စစ်တပ်ကို အခါအခွင့်သင့်သလို ချေမှုန်းတိုက်ခိုက်သွားမှာလို့လည်း ဆိုပါတယ်။

နတ်တလင်း စစ်ကောင်စီအဖွဲ့ဝင်တွေကတော့ သင်္ကြန်ပွဲစည်ကားဖို့အတွက် ရန်ကုန် - ပြည်လမ်းရှိ ဘုရားကြီးရှေ့မှာ သင်္ကြန်ရေကစားမဏ္ဍပ်ကို ဆောက်လုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်းက ပြည်မြို့နဲ့ ပေါင်းတည်မြို့တွေမှာလည်း စစ်ကောင်စီက သင်္ကြန်မှာ မဏ္ဏပ်တွေဆောက်လုပ်ဖို့အတွက် ဒေသခံတွေနဲ့ လောင်းကစားဝိုင်းဒိုင်တွေဆီကို မဲလက်မှတ်ရောင်းပြီး ရန်ပုံရှာတာတွေ လုပ်ဆောင်လျှက် ရှိနေပါတယ်။

ပုံစာ - နတ်တလင်းမြို့ သင်္ကြန်ကာလမြင်ကွင်း။ (ပုံဟောင်း)

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10