စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ မြိုင်နယ်ကဒေသခံ ၅၀၀၀ ကျော် အရေးပေါ်ထွက်ပြေးရ

စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ မြိုင်နယ်ကဒေသခံ ၅၀၀၀ ကျော် အရေးပေါ်ထွက်ပြေးရ

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းသုံး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅၀၀၀ ကျော် အရေးပေါ်ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မြိုင်မြို့နယ်၊ ဝါးရင်းချိုင်၊ ကျွဲတွင်း၊ အိုင်းမ၊ ချောင်းဦးတို၊ ကုန်းရွာနဲ့ ဆိပ်သာကျေးရွာတွေကို ဩဂုတ် ၅ ရက်မှာ Mi 35 ရဟတ်ယာဥ်နဲ့ ၃ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။ 

“အပေါ်က စက်သံတွေ ပစ်တဲ့အသံတွေနဲ့ တကယ်ကိုယောက်ယက်ခတ်ပြီး သဲထိပ်ရင်ဖိုပဲ။ ရွာမှာ ပျက်စီးတာတွေတော့ရှိမယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။  

ဒါ့အပြင် အဲ့ဒီကျေးရွာတွေကိုပဲ ဩဂုတ် ၆ ရက်မှာ Mi 35 ရဟတ်ယာဉ်နဲ့ ၃ ကြိမ် ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ထပ်မံပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ တောတိုက်အချို့နဲ့ အခြားဘေးကင်းတဲ့ဒေသတွေမှာ နေထိုင်နေရပြီး စားသောက်ဖို့နဲ့ နေထိုင်စရာကိုတော့ ပြည်သူအချင်းချင်းပဲ ကူညီပေးနေကြတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီရဟတ်ယာဥ်နဲ့ ဂျက်ဖိုက်တာလေယာဥ်တွေဟာ မုံရွာ နမခ နဲ့ မကွေးလေဆိပ်ဘက်က လာတာဖြစ်ပြီး သြဂုတ် ၇ ရက် ဒီနေ့မှာ အခြေအနေတွေငြိမ်သက်နေပေမယ့် ဒေသခံတွေက ရွာကိုပြန်မလာကြသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိစစ်ရှောင်နေရတဲ့ ကျေးရွာတွေနဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာမှာ စစ်ကောင်စီတပ်ရဲ့ ရေစက် အထိုင်စခန်းဟောင်းရှိပြီး အနီးဝန်းကျင်တွေမှာလည်း မြိုင် ကပစ၊ သရက်ကန် ပျူစောထီးရွာ၊ ကိုင်းတောမရဲစခန်းနဲ့ အခြားပျူစောထီးရွာတွေ ရှိတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်က မြိုင်တောင်ပိုင်းရှိ စစ်ကောင်စီတပ်ရဲ့ ရေစက်အထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူအပြီးမှာ စစ်ကောင်စီဘက်က နေ့စဉ်ဆိုသလို အနီးဝန်းကျင်ရွာတွေကို လိုက်လံပစ်ခတ်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - မြိုင်မြို့နယ်အတွင်း စစ်ဘေး‌ရှောင်နေရသည့် ဒေသခံအချို့ကိုတွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10