စစ်ကောင်စီက စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧပြီလ အစပိုင်းကနေစပြီး စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဧပြီ ၉ ရက် မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ ဆီဆိုင် ကျေးရွာကစာသင်ကျောင်းနဲ့ မြောင်းဆုံရွာကစာသင်ကျောင်းကို မီးလောင်ဗုံးသီးနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ အဲဒီကျေးရွာ ၂ ရွာက စာသင်ကျောင်းဆောင်တွေ ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“အခုတလော သူတို့(စစ်ကောင်စီ)က လက်နက်ကြီးတော့မပစ်တော့ဘူး။ ဒရုန်းတွေနဲ့ပဲ လာကြဲတာ။ မီးလောင်ဗုံးတွေ တအားသုံးတာ။ မနေ့ကပစ်တာ ကျနော်တို့ ရွာစာသင်ကျောင်းကတော့ တကျောင်းလုံးပျက်စီးသွားတာ ရွာသားတွေရှောင်မြန်တော့ ထိခိုက်မှုတော့မရှိလိုက်ဘူး။ ” လို့ မြောင်းဆုံဒေသခံတဦးက ပြောပါတယ်။

အခုလို နေ့စဉ်နီးပါး ဒရုန်းဗုံးသီးတွေနဲ့ လာရောက် ကြဲချတဲ့အတွက် ပြည်သူတွေ စိုက်ပျိုးထားတဲ့ ဂျုံခင်း ၁၂ ဧကလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ဂျုံရိတ်သိမ်းချိန်ရောက်နေပေမဲ့လည်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းတွေနဲ့ ပစ်ခတ်မှု၊ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ဒေသခံတွေက သွားရောက်ရိတ်သိမ်းနိုင်ခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ မီးလောင်ဗုံးနဲ့ လာရောက်ကြဲချထားတဲ့ မြောင်းဆုံရွာက စာသင်ကျောင်းဟာ ၈ တန်းအထိသာရှိပြီး ကျောင်းဆောင် ၂ ဆောင်နဲ့ ခန်းမဆောင် ၁ ဆောင်၊ ဆရာမအဆောင်တို့ ပါရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒီကျောင်းဆောင်ဟာ NLD လက်ထက်ကတည်းက ဆောက်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဧပြီ ၈ ရက်ကလည်း ရှားတောရွာက ဘုရားကျောင်းကို စစ်ကောင်စီတပ်သားတွေက ဒရုန်းဗုံးသီးနဲ့ လာရောက်ပစ်ခတ်သွားသလို ကလေးမြို့မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား စစ်ရေးအခြေနေက တင်းမာနေဆဲဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #စာသင်ကျောင်း #ဘုရားကျောင်း #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10