စစ်ကောင်စီက လေကြောင်းက ၃ ကြိမ်တိုက်ခိုက်လို့ စေတီနဲ့ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရွာသာရွာမြောက်ဘက်ရှိ ဘုန်းတော်ကြီးကျောင်းဝန်းနဲ့ တောင်ယာခင်းအနီးကို ယနေ့ မတ် ၁၄ ရက်မှာ စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်မြို့နယ်အခြေစိုက် ဗိုလ်ကျားကြီးတပ်ဖွဲ့ဆီက သိရပါတယ်။

ဂျက်ဖိုက်တာနဲ့ မနက် ၁၂ နာရီ ၂၀ မိနစ်ခန့်မှာ ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ယာခင်းအနီး တောင်သူတွေမြေပဲနှုတ်တဲ့နေရာ၊ ရွာမြောက်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်တချို့နဲ့ စေတီတွေ ကျည်စထိမှန်ပျက်စီးခဲ့ပြီး နွားတကောင်လည်း သေဆုံးခဲ့တယ်လို့ Bo Tiger တပ်ဖွဲ့ ဒုတာဝန်ခံ ဗိုလ်ထက်အောင်က ဆိုပါတယ်။

လေယာဥ်ပစ်ခတ်ချိန်မှာ မြေပဲနှုတ်နေတဲ့ တောင်သူတွေအနီး ဗုံးတလုံးကျရောက်ပေါက်ကွဲခဲ့လို့ အနီးရှိကမ်းပါးယံမှာ ဝပ်နေလိုက်တဲ့အတွက် ထိခိုက်မှုမရှိဘဲ ယာခင်းနားမှာရှိနေတဲ့ နွားကို ဗုံးစထိမှန်ပြီး သေဆုံးခဲ့တာလို့သူက ဆက်ပြောပါတယ်။

ဝက်လက်နယ်အရှေ့ခြမ်းမှာ မတ်လ ဒုတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်တပ်က အကြောင်းမဲ့ လေယာဥ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

လေယာဥ်နဲ့ပစ်ခတ်လို့ ထိခိုက်ပျက်စီးခဲ့ရတဲ့ စေတီနဲ့ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ အဆောင်တချို့ကိုတော့ ပြန်လည်ပြင်ဆင်ဖို့လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စေတီ #ဘုန်းကြီးကျောင်း #စစ်တပ် #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10