စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၅ ဦး ၈ လအကြာမှာ ထွက်ပြေးလွတ်မြောက်လာ

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့တဲ့ ဒေသခံ ၅ ဦး ၈ လအကြာမှာ ထွက်ပြေးလွတ်မြောက်လာ

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းရှိ စစ်ကောင်စီလက်အောက်ခံ တရားရုံးချုပ်မှာ ၈ လဝန်းကျင်ကြာ ဖမ်းဆီးခံထားရတဲ့ ထီးလင်းနယ်က ဒေသခံ ၅ ဦး ဇွန်လ ၂၄ ရက်ညပိုင်းမှာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ Yaw Revolution Army - ထီးလင်း အဖွဲ့ဆီကသိရပါတယ်။

အသက် ၃၀ နဲ့ ၄၀ အရွယ် အဆိုပါအမျိုးသား ၅ ဦးဟာ ဇွန် ၂၅ ရက်မနက် ၅ နာရီခွဲလောက်မှာတော့ Yaw Revolution Army အဖွဲ့ဆီကိုထွက်ပြေးလာခဲ့ပြီး စခန်းမှာ ၂ ရက်ခန့် နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ဆီရောက်လာတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြန်လုပ်ပေးတာတွေ ရှိတယ်။ လွတ်လာတဲ့လူတွေကလည်း အာဟာရပိုင်း နည်းနည်းချို့တဲ့ တဲ့ ပုံစံလေးတွေဖြစ်နေတယ်။ သူတို့ စားရသောက်ရတဲ့ဟာလေးတွေ ပြောပြတယ်။ အာဟာရ မပြည့်ဝဘူး၊ မသေရုံလေးပဲ စားခဲ့ရတယ်လို့ ပြောတယ်။ အဲ့အတွက် ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်” လို့ Yaw Revolution Army - ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

စစ်တပ်ဝါဒဖြန့်ချန်နယ်တွေမှာတော့ ထွက်ပြေးသွားသူတွေဟာ PDF ခေါင်းဆောင်တွေဖြစ်တယ်လို့ ထုတ်ပြန်ရေးသားထားပေမယ့် သူတို့ ၅ ဦးဟာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ သာမန်အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

“သူတို့ (စစ်ကောင်စီ)ရေးထားတာကတော့ PDF ခေါင်းဆောင်တွေလို့ ရေးထားတာ။ အမှန်တော့ PDF တွေမဟုတ်ပါဘူး။ ရပ်ရေးရွာရေးလုပ်တဲ့ ကျေးရွာကသူတွေပါ။ သူတို့က စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတဲ့ သူတွေပါ”လို့ သခင်ဇော်က ပြောပါတယ်။ 

လွတ်မြောက်လာသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဘယ်လိုထွက်ပြေးလာခဲ့ရတယ် ဆိုတာကိုတော့ အသေးစိတ်မသိရှိရဘဲ လက်ရှိမှာတော့ သူတို့ရဲ့ မိသားစုဝင်တွေဆီကို ပို့ဆောင်ပေးထားပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်ကလည်း ထီးလင်းမြို့အထိုင်တပ်ကို စစ်ကူရောက်နေတဲ့ ကျောက်ထုအခြေစိုက် အမတ ၃၆၈ က တပ်သားကျော်စိုးဦး MA 1 ၁ လက်၊ ကျည် ၅၃၉ တောင့် နဲ့ အခြားစစ်သုံးပစ္စည်းတွေ ယူဆောင်လာပြီး Yaw Revolution Army - ထီးလင်းဆီ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ထီးလင်း #တရားရုံးချုပ် #အမျိုးသား #ထွက်ပြေးလွတ်မြောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10