သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ ၃ မိုင်ခန့်ဝေးတဲ့ ခြုံကြီးရွာမှာ ဇန်နဝါရီ ၁၄ ရက်က အမျိုးသား ၁ ဦး ဖမ်းဆီးခံခဲ့ရပြီး နောက်တနေ့မှာ အလောင်းပြန်တွေ့ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတဆင့် သိရပါတယ်။
တောင်သာမြို့ကနေ အင်အား ၄၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၄ ရက် မနက် ၁၀ နာရီခန့်မှာ ကျေးရွာထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ကိုဟိန်းဇော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြုံကြီးရွာနဲ့ ၁မိုင်ခန့်ဝေးတဲ့ ဘုရားလှကျေးရွာ အနောက်ဘက်မှာ ကိုဟိန်းဇော်ရဲ့ ဝမ်းဗိုက်ကို မီးရှို့ကာ ဦးခေါင်းအနောက်ဘက်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။
“ပိတ်မိနေတဲ့ သူတွေကြားမှ သူ့တယောက်တည်းကိုပဲ ဖမ်းသွားတာ။ သူတို့က သူတို့ထင်တာကို လုပ်တာ။ ကာကွယ်ရေးအဖွဲ့ဝင်နဲ့ ပတ်သက်သက် မပတ်သက်သက် သူတို့ထင်တာ ဆွဲဖမ်းပြီး သတ်သွားတာပဲ။ သေနတ်ကို အနောက်ကနေ တေ့ပစ်သွားတာ။” လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာတော့ ကိုဟိန်းဇော်ရဲ့ အလောင်းကို ပြန်တွေ့ခဲ့ပြီး သင်္ဂြိုဟ်ပေးခဲ့ရကာ သတ်ဖြတ်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကတော့ မြင်းခြံမြို့နယ်နဲ့ တောင်သာမြို့နယ်ကြားမှာရှိတဲ့ သံမဏိစက်ရုံထဲကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းထဲမှာပါတဲ့ ရဲတပ်ဖွဲ့ဝင် ၁ဦးဟာ ခြုံကြီးကျေးရွာထဲကို ဝင်ရောက်ချိန် အိမ်သာတက်ရင်း စစ်ကြောင်းနဲ့ကွဲကျန်ခဲ့တာကြောင့် မြင်းခြံခရိုင်တပ်ရင်း ၃ က ဖမ်းဆီးခဲ့ပြီး သူနဲ့အတူ G 3 ၁လက်၊ ကျည် ၃၀၀၊ ကျည်ဘောက် ၄ ခု၊ အီကွေ့မန့်နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကာကွယ်ရေးတပ်တွေ နယ်မြေမစိုးမိုးနိုင်သေးတဲ့ နေရာတွေကိုသာ စစ်ကြောင်းထိုးလေ့ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားတဲ့ နေရာတွေကိုတော့ စစ်ကြောင်းမထိုးရဲတဲ့အတွက် ဝေဟင်ကနေ မော်တာစက်တပ် လေယာဉ်တွေနဲ့ လှည့်ပတ်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ခြုံကြီးတို့ ၊ ဘုရားလှတို့ ၊ ဖက်တောတို့ဆိုတာ ကျနော်တို့ နယ်မြေစိုးမိုးမှုရထားတဲ့ နယ်မြေမဟုတ်ဘူးလေ။ အဲတော့ မလုံခြုံဘူးလို့ ပြောရမှာပေါ့။ လုံခြုံပြီးသား နယ်မြေစိုးမိုးမှုရပြီးသား တပ်ရင်းတပ်ဖွဲ့တွေရော၊ ပကဖ အဖွဲ့တွေရော၊ နယ်မြေစိုးမိုးထားတဲ့ တောင်သာမြို့ရဲ့တောင်ဘက်ခြမ်းတို့ အရှေ့ဘက်ခြမ်းတို့ စစ်ကြောင်းမထိုးရဲပါဘူး။ စက်တပ်လေထီးယာဉ်နဲ့ပဲ ခြောက်လှန့်ပြီးတော့ လူတွေကြောက်အောင် ညတိုင်းလိုလို ထွက်တာပဲရှိတယ်။” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၁၆ ရက်ကလည်း ခြုံကြီးကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ဒေသခံ ၂ ဦး သတ်ဖြတ်ခံလိုက် ရတယ်လို့ သိရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဇန်နဝါရီ ၁၆ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ပြည်သူ စုစုပေါင်း ၆,၁၈၂ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။
စာတည်း - ချယ်ရီ
#မြေလတ်အသံ
#တောင်သာ #ခြုံကြီး #ဖမ်းဆီး #စစ်ကောင်စီ #သတ်ဖြတ်
Share Share Share