စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး CNDF တပ်ရင်းက ဒုစစ်ဦးစီးချုပ်အပါအဝင် ၃ ဦးဖမ်းဆီးသတ်ခံရ

စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး CNDF တပ်ရင်းက ဒုစစ်ဦးစီးချုပ်အပါအဝင် ၃ ဦးဖမ်းဆီးသတ်ခံရ

တပ်ရင်းတခုဆီကိုသွားပြီး ပြန်လာတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တပ်ရင်းက ဒုစစ်ဦးစီးချုပ် အပါအဝင် ရဲဘော် ၃ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ CNO / CNDF အဖွဲ့မှ အထွေထွေအတွင်းရေးမှူးဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီကျော်လောက် တပ်ရင်းတခုကနေပြန်လာတဲ့ ဒုစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး (ခ) Joshua ၊ ရဲမေ ရွေနွန်ကိမ် (ခ) A Nge နဲ့ ရဲဘော် အာမောစ်ဗန်နိုက်လျန် (ခ) Amos တို့ ၃ ဦးဟာ ကလေးမြို့နယ်ထဲက အောင်သာယာကျေးရွာနားအရောက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒုစစ်ဦးစီးချုပ်က တနေရာမှာ စုဖွဲ့မှုတခုလုပ်ရင်းနဲ့ ပြန်တဲ့လမ်းမှာ ဒလန်သတင်းပေးမှုကြောင့် အသတ်ခံလိုက်ရတဲ့သဘောပဲ။ အသွားတုန်းက အဆင်ပြေပြေပဲ၊ ပြန်တဲ့အချိန်မှာမှ အခုလိုဖြစ်တာ ” လို့ CNO / CNDF တပ်ဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုဆလိုင်းဝီလျံချင်း က မြေလတ်အသံကို ပြောပါတယ်။

အောင်သာယာကျေးရွာဟာ မှန်တောကျေးရွာအရှေ့ဘက် ဂန့်ဂေါနယ်အစပ်မှာရှိပြီး ပျူစောထီးအားကောင်းတဲ့ ကျေးရွာတရွာလည်းဖြစ်ပါတယ်။ အသတ်ခံလိုက်ရတဲ့အထဲမှာ အမျိုးသမီး ၁ ဦးလည်း ပါဝင်ပါတယ်။

ဒီနေ့မနက်အထိလည်း ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ဒုစစ်ဦးချုပ်နဲ့ တပ်သား ၂ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည် မရရှိသေးဘူးလို့လည်းဆိုပါတယ်။ အခုလို CNDF တပ်ရင်းထဲမှာ ခေါင်းဆောင်ပိုင်းတွေအသတ်ခံရတာ ပထမဦးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒုစစ်ဦးစီးချုပ်နဲ့ တော်လှန်ရေးရဲဘော်တွေ သေဆုံးသွားတာနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်းနဲ့ တော်လှန်ရေးအင်အားစု အဖွဲ့အစည်းအသီးသီးကလည်း စာတွေပေးဖို့ကြောင်း၊ အခုလို ကျဆုံးသွားတာနဲ့ ပတ်သက်ပြီး ဘယ်တော့မှ နောက်မဆုတ်ဘဲ ရလဒ်ကောင်းတခုထွက်လာအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ကိုဆလိုင်းဝီလျံချင်းက ဆက်ပြောပါတယ်။

“သူ့ရဲ့ပေးဆပ်မှု၊ ကျဆုံးမှုက တော်လှန်ရေးအသီးအပွင့်တခု ဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့ ဆက်ကြိုးစားသွားမယ်” လို့ သူက ဆိုပါတယ်။

အလားတူ အဲဒီနေ့မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ကလေးမြို့နယ်၊ စက္ကန့်ရွာထဲကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေချိန် CNDF တပ်သား ဆလိုင်းမန်ပေဟာ မိုင်းနင်းမိပြီး ကျဆုံးသွား ပါသေးတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ကလေးမြို့မြောက်ပိုင်းက ကံကြီးရွာစခန်း၊ ကံသာယာရွာ စခန်းနဲ့ ကလေးတောင်ပိုင်းက စက္ကန့်ရွာစခန်း စုစုပေါင်းစစ်ကောင်စီစခန်း ၃ ခုကို ဖေဖော်ဝါရီ ၂၂ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့  #CNDF #ဒုစစ်ဦးစီးချုပ် #ရဲဘော် #ကျဆုံး #CNO 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10