စစ်ကောင်စီတပ်ကဖမ်းသွားတဲ့ အုတ်ဖိုဒေသခံ ၄ ဦးအနက်  PDF ရဲ့ဖခင်ကို သေဆုံးလျက်ပြန်တွေ့

စစ်ကောင်စီတပ်ကဖမ်းသွားတဲ့ အုတ်ဖိုဒေသခံ ၄ ဦးအနက်  PDF ရဲ့ဖခင်ကို သေဆုံးလျက်ပြန်တွေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ PDF တပ်ဖွဲ့ဝင် ၁ ဦးရဲ့ဖခင်ကို သေဆုံးလျက်ပြန်တွေ့ခဲ့ရတယ်လို့  သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Hero ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်မနက်ပိုင်းက ဒေါင်းစပါးအုပ်စု၊ ကွေ့ချောင်းရွာက အသက် ၄၁ နှစ်ဝန်းကျင် ကိုသိန်းသန်းဌေး၊ ကိုရင်မောင်နဲ့သမီးဖြစ်သူ၊ အမည်နေရပ်စိစစ်ဆဲအမျိုးသမီး စုစုပေါင်း ၄ ဦးတို့ကို အုတ်ဖိုအပိုင် ပြည်လမ်း လင်လွန်းပင်တံတားအနီးမှာ စရဖ(စစ်ဖက်ရေးရာလုံခြုံရေး)နဲ့ အရပ်ဝတ်ရဲအင်အား ၁၅ ဦးဝန်းကျင်ခန့်က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

“အလောင်းမှာတော့ ခေါင်းတွေကိုရိုက်ထားလို့ ကြေမွနေတယ်လို့ပြောတယ်။ အနားကို ဘယ်သူမှမကပ်ရဲလို့ ဒဏ်ရာအခြေအနေက သေချာပြောမရဘူး။ ဘာကြောင့်ဖမ်းတာမှန်းလည်းမသိရဘူး၊ ကျန်တဲ့ ၃ ဦးကိုလည်း အုတ်ဖိုရဲစခန်းမှာပဲဆက်ချုပ်ထားတယ်။ တွေ့ခွင့်ရတယ်တော့မကြားမိဘူး” လို့  Hero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ကိုသိန်းသန်းဌေးဟာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Hero ပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော် ၁ ဦးရဲ့ ဖခင်ဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် ၂ ရက်အကြာ ဇန်နဝါရီ ၅ ရက် မနက် ၅ နာရီခန့်မှာ ခြောက်တွင်းကွင်းရွာ ဆက်သွယ်ရေးလမ်းမှာ (ဝါးကြော)နှီးနဲ့ လက်ပြန်တုပ်လျက် သေဆုံးနေတာကို ရွာခံတွေကတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ကိုသိန်းသန်းဌေးကို သားဖြစ်သူ PDFတပ်ဖွဲ့ဝင်ရဲ့ဓါတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီး PDF ရဲ့ဖခင်မှန်းသိတဲ့အတွက်သတ်တာဖြစ်နိုင်ကြောင်း သူကဆက်ပြောပါတယ်။

အုတ်ဖိုမြို့နယ်က ဒေသခံတဦးကလည်း “ကိုသိန်းသန်းဌေးရဲ့ အမျိုးသမီးကို နယ်ထိန်းရဲက စခန်းကိုခေါ်တယ်လို့ ပြောတယ်။ အဲ့အမျိုးသမီးက အခုအိမ်မှာမနေဘူး သူ့သားရှိတဲ့ဆီ လိုက်သွားပြီလို့ သတင်းကြားရတယ်” လို့ ပြောပါတယ်။

သေဆုံးသူရဲ့ သားဟာ Hero ပြောက်ကျားတပ်ဖွဲ့ဝင် ဖြစ်ပေမယ့် အုတ်ဖိုရဲစခန်းမှာ ဆက်လက်ချုပ်နှောင်ခံနေရဆဲ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကတော့ ၎င်းတို့တပ်ဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

ကိုသိန်းသန်းဌေးရဲ့ ရုပ်အလောင်းတွေ့ရှိရတဲ့ ယမန်နေ့ မနက်ပိုင်းမှာပဲ  စစ်ကောင်စီတပ်ဖွဲ့က အလောင်းကို လာရောက်သယ်ယူသွားကာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဗျူဟာလမ်း၊ မအူချောင်းရွာအနီး ကင်းထောက်နေတဲ့  Hero ပြောက်ကျားတပ်ဖွဲ့က ရဲဘော်မွန်ကြီးဟာ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခံခဲ့ရပါသေးတယ်။ 

ပုံစာ - သေဆုံးသူကိုသိန်းသန်းဌေးအလောင်း။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #ဒေသခံ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10