စစ်ကောင်စီတပ်က အမြင့်လမ်းပိုင်းမှာ ကား၊ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး  ကျပ် ၃ သိန်းအထိတောင်းယူနေဟုဆို

စစ်ကောင်စီတပ်က အမြင့်လမ်းပိုင်းမှာ ကား၊ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး ကျပ် ၃ သိန်းအထိတောင်းယူနေဟုဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ဟောင်းရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းသွားလမ်းလာ ဆိုင်ကယ်၊ကားတွေကိုဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမြင့်မြို့ဟောင်းရဲစခန်းမှာ တနှစ်ကျော်ကြာတပ်စွဲထားတဲ့ အင်အား ၅၀ ခန့်ရှိစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလကစတင်ကာ အမြင့်မြို့ဟောင်းလမ်းပေါ်က ကား၊ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး ယာဉ်ပေါ်ပါ ငွေကြေးတွေကိုယူဆောင်သလို ကားနဲ့ဆိုင်ကယ်တွေကိုလည်း ငွေကြေးအဆမတန်တောင်းပြီး ပြန်ရွေးခိုင်းတယ်လို့ မုံရွာအမြင့်လမ်းသတင်းမှန်ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“အမြင့်မြို့ဟောင်းလမ်းပိုင်းကနေ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေဆီက ဆိုင်ကယ်တွေဖမ်းဆီးပြီး တစီးကို ၃ သိန်းနဲ့ ပြန်ရွေးခိုင်းတယ်။ ကားတွေဆို ကားပေါ်ပါတဲ့ပိုက်ဆံအကုန်ယူတယ်။ ဆိုင်ကယ်တွေဖမ်းပြီးရင် တရက်ထဲအပြီးရွေးခိုင်းတယ်။ သူတို့တောင်းတဲ့ငွေပမာဏ မပေးနိုင်ရင် တော်တော်တောင်းပန်ပြီးမှ တဝက်ကြေးပေးရတယ်” လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ တပ်စွဲထားတဲ့ ၁ နှစ်ကျော်ကာလအတွင်း ရဲစခန်းအပြင်ဘက်ကို သွားရောက်လစာမထုတ်ရဲတဲ့အတွက် အခုလိုဖမ်းဆီးပြီး ငွေကြေးအမြောက်အမြား တောင်းယူနေတာလို့ ပြောဆိုပေမယ့် သီးခြားတော့အတည်မပြုနိုင်ပါဘူး။

အမြင့်မြို့ထဲက ရွှေကြိုးရစ်ဘုရားနဲ့ ညိုမိတို့ရွာစာကြည့်တိုက်အနီး ပြည်သူတွေအလုပ်သွား၊ ပြန်ချိန်တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေကိုအဓိကထားလုပ်ဆောင်နေလို့  အခြေခံလုပ်သားပြည်သူတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

မုံရွာ-အမြင့်-ချောင်းဦးလမ်းပိုင်းဟာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတွေ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့နေရာတွေဖြစ်လို့ ယခင်က အခုလိုဖမ်းဆီးငွေတောင်းတာတွေမရှိပေမယ့် ပြီးခဲ့တဲ့ ဧပြီလကစလို့ လုပ်ဆောင်လာတာလို့ ဒေသခံတွေကပြောပါတယ်။

 

စာတည်း − ရင်ငြိမ်း

#မြေလတ်အသံ

#မုံရွာ #အမြင့်မြို့ #စစ်ကောင်စီတပ် #ဖမ်းဆီးမှု #အဆမတန် #ငွေကြေးတောင်းခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10