စစ်ကောင်စီတပ်သားတွေက နှောကုန်းရွာခံ​အမျိုးသမီး ၃ ဦးကို သတ်ပြီး နေအိမ်တွေကို မီးရှို့သွား

စစ်ကောင်စီတပ်သားတွေက နှောကုန်းရွာခံ​အမျိုးသမီး ၃ ဦးကို သတ်ပြီး နေအိမ်တွေကို မီးရှို့သွား

စစ်ကောင်စီတပ်သားတွေက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ နှောကုန်းရွာက ဒေသခံ ၃ ဦးကို သတ်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျုစောထီးပူးပေါင်းတပ်ဖွဲ့တွေဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ နှောကုန်းရွာထဲကို နိုဝင်ဘာ ၁၄ ရက် မနက် ၅ နာရီလောက်မှာ ဝင်ရောက်ခဲ့ပြီး ၉ နာရီဝန်းကျင်လောက်မှာတော့ နေအိမ်တွေကို စတင်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

နှောကုန်းရွာက နေအိမ် ၁၈၇ လုံးကို မီးရှို့သွားတဲ့အပြင် သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးနဲ့ လူငယ်အမျိုးသမီး ၁ ဦးတို့ကိုလည်း သတ်သွားခဲ့တာပါ။ အဲဒီ ၃ ဦးထဲက ၁ ဦးကိုတော့ သတ်ပြီးမှ မီးရှို့သွားတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းထိုးတယ် လာတယ်ကြားတော့ ကျနော်တို့လည်း ရှောင်ရင်းပြေးရင်းလွှားရင်းနဲ့ ခဏကြာတော့ မီးရှို့တယ်ဆိုတဲ့ သတင်းပဲကြားလိုက်ရတာ။ ၁ ယောက်ကတော့ သတ်ပြီးတော့မီးရှို့သွားတဲ့အနေအထားလို့တော့ ယူဆတယ်။ ကျန် ၂ ဦးကတော့ ဘယ်လိုသေဆုံးသွားလဲ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတိအကျမသိရသေးဘူး။ စုံစမ်းလို့လည်း မရသေးဘူး။” လို့ ပခုက္ကူမြို့နယ် ပြည်သူအုပ်ချုပ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ နှောကုန်းရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ယင်းစစ်ကောင်စီတပ်သားတွေဟာ နှောကုန်းရွာတဝိုက်နဲ့ ဒေါင်းစားရွာတွေဘက်မှာ စစ်ကြောင်းဖြန့်ထားပြီး ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကလည်း ဆင်မင်းကျေးရွာဘက်ကို ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတပ်သားတွေကို ပခုက္ကူမြို့နယ် ပကဖတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အထိခိုက်များသွားတဲ့အတွက် အခုလို နှောကုန်းရွာကို လာရောက်မီးရှို့တာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၂၁ ရက်ကတည်းက ပခုက္ကူမြို့နယ်ထဲက ကွန်းရွာနဲ့  ရွှေတန်းတစ်ရွာတို့မှာ အထိုင်ချထားပြီး အနီးနားကျေးရွာတွေဘက်ကို စစ်ကြောင်းပတ်ထိုးတဲ့အပြင် ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်ခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကြောင်းပတ်ထိုးစဉ် အရှေ့မြင်းကျွန်းရွာ၊ ကွန်းရွာနဲ့ ဆင်မင်းရွာတို့က ဖမ်းဆီးလာတဲ့ပြည်သူတွေထဲက ၈ ဦးကိုလည်း စစ်အုပ်စုက သတ်ဖြတ်သွားခဲ့ပါသေးတယ်။ စစ်ကြောင်းပတ်ထိုးရာ လမ်းတလျှောက်မှာလည်း ရွာပေါင်းစုံက ဒေသခံ ၅၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပါသေး တယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပခုက္ကူ #နှောကုန်း #အမျိုးသမီး #သတ်ဖြတ် #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10