စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ အမျိုးသားတဦးသေဆုံး

စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ အမျိုးသားတဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ စခန်းသာရွာသားတဦးဟာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကို နင်းမိပြီး သေဆုံးသွားတယ်လို့ Wetlet Informational Network ဆီက သိရပါတယ်။

စခန်းသာကျေးရွာက နေအိမ်တွေကို မီးရှို့ပြီး ရွာမှာ တညအိပ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းက ထောင်ထားခဲ့တဲ့ မိုင်းကို နင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရွှေဘိုကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝက်လက်နယ် စခန်းသာရွာထဲကို စက်တင်ဘာ ၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီး ရွာမှာရှိတဲ့ နေအိမ် ၉၂ လုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ 

အဲ့ဒီနောက် ရွာမှာတညအိပ်စခန်းချခဲ့ပြီး နောက်နေ့မနက်မှာတော့ ရွာထဲမှာ နင်းမိုင်းတွေထောင်သွားပြီး ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်း ကျေးရွာက ပြန်ထွက်သွားပြီးတဲ့နောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်နေချိန် စက်ကိရိယာတွေ မရှိတဲ့အတွက် နင်းမိုင်း ၃ လုံးကိုသာ တွေ့ရှိခဲ့ပါတယ်။ 

ကျေးရွာထဲကို ရွာသားတွေ ပြန်ရောက်ပြီး စက်တင်ဘာ ၈ ရက်မှာ လူငယ်တချို့ ခြင်းလုံးခတ်နေတဲ့နေရာက နောက်ထပ် မြေမြှုပ်မိုင်း ၂ လုံးပေါက်ကွဲလို့ အသက် (၂၀)အရွယ်အမျိုးသားတဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ Wetlet Informational Network အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

“အခုဆို ရွာသားတွေဟာ မြေပြင်ကိုတောင် ခြေမချရဲကြတော့ဘူး။ အခုထောင်ထားတဲ့ နင်းမိုင်းကလည်း သူတို့ လက်လုပ်ဆင်ထားတဲ့နင်းမိုင်း တော်တော်ကြီးတာ။ ကလေးက ထိထိချင်း ခြေတဖက်ပြတ်သွားတယ်။ အူတွေပါ ထွက်ကုန်တာ” လို့ သူက ဆိုပါတယ်။

မိုင်းမိပြီးပွဲချင်းပြီးသေဆုံးသွားတဲ့ အဲ့ဒီအမျိုးသားကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီကျော်လောက်မှာ သင်္ဂြိုဟ်ပေးလိုက်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီ မီးရှို့သွားတဲ့ နေအိမ်က ပြည်သူတွေဟာ တောတွေထဲမှာ မိုးကာမိုးပြီး နေနေကြသလို တချို့ကလည်း ဆွေမျိုးတွေရှိရာ နေရာမှာ သွားရောက်နေထိုင်ကြတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #စခန်းသာရွာ #စစ်ကောင်စီ #ဒေသခံ #မိုင်းနင်းမိ #လက်လုပ်မိုင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10