စစ်ကောင်စီနဲ့လိုက်သွားရတဲ့ ပျူစောထီးရွာသားတွေ ထွက်ပြေးလွတ်မြောက်လာ ပုလဲပအဖထံ ခိုလှုံခွင့်တောင်း

စစ်ကောင်စီနဲ့လိုက်သွားရတဲ့ ပျူစောထီးရွာသားတွေ ထွက်ပြေးလွတ်မြောက်လာ ပုလဲပအဖထံ ခိုလှုံခွင့်တောင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာလို့ နာမည်ကြီးတဲ့ရွာတွေက ပြည်သူတွေဟာ ထပ်မံထွက်ပြေးလွတ်မြောက်လာပြီး ခိုလှုံခွင့် တောင်းခံတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။ 

ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာသား ၇ ဦးနဲ့ အင်မထီးပျူရွာသား ၁၆ ဦး ထွက်ပြေးလွတ်မြောက်လာပြီး ခိုလှုံခွင့်တောင်းခဲ့တာပါ။

"ယင်းမာပင်က စာသင်ကျောင်းမှာ ပိတ်မိနေကြတယ်။ ယာဥ်တန်းကရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတာကြာပြီ။ စစ်တပ်က စားသောက်ဖို့ မလုပ်ပေးနိုင်ကြဘူး။ ဆွေမျိုးတွေခေါ်ရင်လိုက်သွားလို့ရတယ် ပြောထားတော့ ထွက်လာသူတွေဖြစ်တယ်" လို့ ပုလဲပအဖ တာဝန်ခံကိုဇော်ထက် က ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်းက အင်မထီးနဲ့ဇီးဖြူကုန်းရွာကနေ စစ်ကောင်စီရဲ့စစ်ကြောင်းယာဥ်တန်း ပြန်ထွက်ချိန်မှာ ရွာသူ/ရွာသား မိသားစုတွေကိုခေါ်ဆောင်သွားတာဖြစ်ပြီး ယင်းမာပင်မြို့ပေါ်က စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ အထက်တန်းကျောင်းမှာ ပိတ်မိနေကြရာက စားသောက်ဖို့ခက်ခဲလာတာတွေကြောင့် ထွက်ပြေးလာတာလို့ သူကဆက် ပြောပါတယ်။

ထွက်ပြေးလာသူတွေမှာ သက်ကြီးရွယ်အိုအဘိုးအဘွားအရွယ်ကနေ ကလေးသူငယ် အမျိုးသားအမျိုးသမီး အသက်အပိုင်းအခြား အစုံပါဝင်ပြီး သူတို့တွေရဲ့ အချက်အလက်တွေကို အသေးစိတ်မေးမြန်းကောက်ယူနေဆဲပဲလို့ ပုလဲပအဖဆီက သိရပါတယ်။

အလင်းဝင်ခိုလှုံခွင့်တောင်းခံလာသူတွေကို ပုလဲပအဖ အဖွဲ့က စစ်ဆေးမေးမြန်းပြီး ပျူစောထီး၊ စကစ တွေနဲ့ ပတ်သက်ဆက်သွယ်တာ၊ သူလျှိုဒလန်ပြုလုပ်တာ၊ သတင်းပေးတာ၊ တော်လှန်ရေးအင်အားစုများကို ထိခိုက်နစ်နာစေမည့်အပြုအမူအပြောအဆိုမျိုး မပြုလုပ်ဖို့ ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှာ ရံပုံငွေလက်ကျန်နည်းပါးနေတဲ့အတွက် ထွက်ပြေးလာသူ ၂၃ ဦးစလုံးအတွက် ငွေ ၂၅၀၀၀၀ ကျပ်သာ ထောက်ပံ့ပေးနိုင်ခဲ့ပြီး လူသားစာနာတာဝန်ခံကလည်း ထောက်ပံ့ငွေတချို့နဲ့ တာပေါ်လင်မိုးကာများ ကူညီထောက်ပံ့ပေးခဲတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း ပုလဲမြို့နယ်၊ အင်းမထီးနဲ့ ဇီးဖြူကုန်းပျူရွာက ထွက်ပြေးလာသူ စုစုပေါင်း လူဦးရေ ၈၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #ပျူစောထီး #ထွက်ပြေးခိုလှုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10