စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ဗိုလ်ကြီး ၁ ဦးသေဆုံး

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ဗိုလ်ကြီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောတိုက်နယ်အနီး ရွာသစ်နဲ့ ကျောက်ဆည်ရွာအကြား မုံရွာ-မန္တလေး ကားလမ်းမပေါ်မှာ စစ်ကောင်စီအရာရှိတွေ လိုက်ပါလာတဲ့ ကားတန်းကို ဖေဖော်ဝါရီ ၂၁ ရက် မနက် ၉ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Phoenix - Sagaing အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီခန့် ပြန်ကြားရေး ဒုဝန်ကြီးဦးရဲတင့်လိုက်ပါလာတဲ့ ကားတန်းကို တိုင်းရင်းသား ဒီဂရီကောလိပ်က ပြန်လာချိန် မိုင်း ၃ လုံးစီနဲ့  ၂ ပွိုင့်ဆွဲ တိုက်ခိုက်ရာ ၂ ပွင့်ဗိုလ်ကြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"တပွိုင့်ကို ရှေ့ထွက်မိုင်းနဲ့ စလစ်မိုင်း ၃ လုံးနဲ့ ၂ ပွိုင့်ခွဲ တိုက်ခိုက်ခဲ့တယ်။ မာစီဒီးကားထဲမှာ အကောင်ကြီးတွေပါတာသိလို့ အဲ့ဒီကားကို ဦးတည်ပြီးဆွဲလိုက်တာပါ။ ၂ ပွင့်ဗိုလ်ကြီး ၁ ယောက်သေတယ်" လို့  Phoenix -Sagaing တပ်ဖွဲ့ဝင် ရဲဘော်နောင်ကြီးက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် လုံခြုံရေးလိုက်ပါတဲ့စစ်သားတွေက ၂ နာရီကျော်လောက် ဘေးဝဲယာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီကားတန်းမှာ စုစုပေါင်း ကား ၄ စီးနဲ့ စစ်သားအင်အား ၂၀ ကျော် လိုက်ပါလာတယ်လို့လည်း စစ်ကိုင်းဒေသခံ ရဲဘော်တဦးက ပြောပါတယ်။   

တိုက်ခိုက်ခံရတဲ့နေ့မှာပဲ အုန်းတောတိုက်နယ်အနီးမှာ စစ်ကောင်စီတပ်သားတွေက ညအိပ်ပြီး ကင်းပုန်းတွေဝပ်ကာ ကားလမ်းကိုလည်း ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် ဖေဖော်ဝါရီလ ၂၂ ရက် မနက် ၁၀ နာရီလောက်မှာတော့ ပျက်စီးသွားတဲ့ မာစီဒီးကားကို လုံခြုံရေးယူကာ ကရိန်းကားနဲ့စစ်ကိုင်းမြို့ဘက်ကို သယ်သွားပြီး လမ်းကိုပြန်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ရာမှာ သေဆုံးသွားတဲ့ ဗိုလ်ကြီး ၁ ဦးနဲ့ ဒဏ်ရာရသူတွေကို ယာဥ်တန်းမှာပါလာတဲ့ နောက်ထပ်ကားတစီးနဲ့ သယ်ယူပြီး စစ်ကိုင်းမြို့ဆေးရုံကြီးကို ခေါ်ဆောင်သွားတယ်လို့ ရဲဘော်နောင်ကြီးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Phoenix - Sagaing အဖွဲ့၊ အညာသားလေး SGG အဖွဲ့၊ စစ်ကိုင်းမြို့နယ်ပကဖတို့ ပူး ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေဘက်က ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အုန်းတောတိုက်နယ် #ပြန်ကြားရေးဒုဝန်ကြီး #ယာဉ်တန်း #မိုင်းဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10