စစ်ကောင်စီဗိုလ်မှူးရဲ့ သစ်သယ်ကားတွေ ပစ်ခတ်ခံရလို့ ယာဉ်မောင်း ၂ ဦး သေဆုံးပြီး ကားမီးရိူ့ခံရ

စစ်ကောင်စီဗိုလ်မှူးရဲ့ သစ်သယ်ကားတွေ ပစ်ခတ်ခံရလို့ ယာဉ်မောင်း ၂ ဦး သေဆုံးပြီး ကားမီးရိူ့ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ သစ်တင်ဆောင်လာတဲ့ကားတွေ ပစ်ခတ်ခံရပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၉ ရက် မနေ့ညပိုင်းက မင်းလှ-မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ၂၅ မိုင်ဂိတ် ဗိုလ်ရုံရွာအနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေက ပစ်သတ်သွားတာဖြစ်ပြီး အဲ့ဒီသစ်ကားတွေဟာ မင်းလှစစ်ကောင်စီအဖွဲ့ဝင် ခလရ ၁ တပ်က ဗိုလ်မှူး ကျော်သူရရဲ့ ခိုင်းစေမှုနဲ့သယ်ဆောင်လာတဲ့ သစ်ကားတွေဖြစ်တယ်လို့ ဆိုပါတယ်။

"ဖမ်းဆီးခံရတဲ့သစ်တွေ သယ်ရမယ်ဆိုပြီး ဗိုလ်မှူး ကျော်သူရ ခေါ်သွားတာမှာ ပစ်သတ်ခံလိုက်ရတာ။ စိန်ကန့်လန့်အုပ်ချုပ်ရေးအဖွဲ့က တောင်ပေါ်မတက်ဖို့ပြောတာကို နားမထောင်ပဲ ဇွတ်တက်လို့ ခုလိုဖြစ်သွားတာ" လို့ မင်းလှဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

သေဆုံးသွားသူတွေဟာ စိန်ကန့်လန့်ရွာမှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုချစ်မွှေးနဲ့ ကိုကောင်းစံတို့ ဖြစ်ပြီး သူတို့ ၂ ဦးဟာ မင်းလှ၊စိန်ကန့်လန့်အခြေစိုက် ခလရ ၁ တပ်ရင်းက တရားမဝင်ကျွန်းသစ်ခိုးထုတ်နေတဲ့ တပ်ကြပ်ကြီး ခင်မောင်ကြည်ရဲ့ တပည့် ၂ ဦးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဗိုလ်မှူး ကျော်သူရရဲ့ စေခိုင်းမှုနဲ့သစ်တင်ဖို့ သွားရောက်တာဟာ ကား ၄ စီးဖြစ်ပြီး သေဆုံးသူတွေ မောင်းနှင်လာတဲ့  ၆ ဘီးယာဉ်ဟာ မီးရှို့ခံလိုက်ရကာ လက်ရှိမှာ ကျန်ကား ၃ စီးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်မှာ တရားမဝင်ကျွန်းသစ်သယ်ဆောင်သူတွေဟာ ၆ ဘီးယာဉ် ကျွန်းသစ်ကားတစီးအတွက် ဗိုလ်မှူး ကျော်သူရကို ကျပ် ၁၀ သိန်းပေးရပြီး ထွေအုပ်နဲ့သစ်တောကို ကျပ် ၅ သိန်းစီ ပေးဆောင်ရတယ်လို့ ပြောပါတယ်။

အလောင်းတွေကို ဇူလိုင် ၂၀ ရက်ဒီမနက်အစောပိုင်း ၂ နာရီလောက်မှာ ဗိုလ်မှူး ကျော်သူရ စီစဥ်တဲ့ စစ်ကား ၅ စီးနဲ့ သွားရောက်သယ်ဆောင်ကာ မင်းလှဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

မင်းလှမြို့နယ်ဒေသခံတွေကတော့ အခုဖြစ်စဥ်ကြောင့် စစ်ကောင်စီကမာရှယ်လောထုတ်ပြန်မှာကို စိုးရိမ်နေကြပြီး နယ်မြေခံတပ် ခလရ ၁ တပ်တွင်းမှာလည်း တပ်တွင်းမကျေနပ်မှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“တပ်ရင်းမှူးကတော်နဲ့ အပေါင်းအပါတချို့ကလည်း သစ်ခိုးထုတ်နေကြတာ။ အဲ့ဒါ သူတို့လူတွေကို ဗိုလ်မှူး ကျော်သူရက ခေါ်သုံးပြီး ခုလိုအသတ်ခံလိုက်ရတော့ မကျေမနပ်တွေဖြစ်နေကြတယ်” လို့ ခလရ ၁ နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

သစ်တင်ကား ယာဉ်မောင်း၊ယာဉ်နောက်လိုက်အသတ်ခံရတာနဲ့ ကားမီးရှို့ခံရတာတွေနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ဇူလိုင် ၁၆ ရက်ဝန်းကျင်ကလည်း စစ်ကောင်စီတပ်‌ဖွဲ့တွေဘက်က သစ်ခိုးထုတ်မှုတွေလုပ်ဆောင်နေလို့ မင်းလှမြို့နယ်ထဲက ပဲခူးရိုးမလမ်းပိုင်းနေရာတွေနဲ့ သစ်တောကြိုးဝိုင်းတွေမှာ သာယာဝတီခရိုင် PDF အမှတ် ၃၈၀၂ တပ်ရင်းက နယ်မြေလုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ခလရ၁ #စစ်ကောင်စီ #သစ်ခိုးထုတ် #ယာဉ်မောင်း #သေဆုံးမှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10