စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူတွေရှောင်ရှားကြဖို့ ဂန့်ဂေါပကဖသတိပေး

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူတွေရှောင်ရှားကြဖို့ ဂန့်ဂေါပကဖသတိပေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက် ဒီမနက်အစောပိုင်းကစတင်ကာ စစ်ကြောင်းထိုးနေတဲ့အတွက် ခရီးသွားယာဉ်တွေနဲ့ပြည်သူတွေ စစ်ကြောင်းသတင်း နားထောင်ကာရှောင်ရှားကြဖို့ ဂန့်ဂေါပကဖက သတိပေးစာထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်အုပ်စုအင်အား ၁၀၀ ဝန်းကျင်က ဒီမနက် ၄ နာရီလောက်ကစကာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဂန့်ဂေါ-ကလေးလမ်းပိုင်းနဲ့ တမိုင်ဝန်းကျင်လောက်မှာ ရှိနေတဲ့ သင်တောရွာကို ဝင်ရောက်နေတာလို့ ဆိုပါတယ်။

 “စစ်ကြောင်းနဲ့နီးစပ်တဲ့ကျေးရွာနေ ပြည်သူတွေရော သင်တောရွာကလည်း ကလေး-ဂန့်ဂေါလမ်းနဲ့နီးလို့ စစ်တပ်ကပစ်ခတ်ရင် လမ်းတွေပေါ်လည်း ကျနိုင်တယ်။ ဒါကြောင့်ကျေးရွာနေပြည်သူတွေလည်း ရှောင်ရှားဖို့လိုသလို ခရီးသွားယာဉ်တွေလည်း စစ်ကြောင်းသတင်းကို သတိပြုသွားလာကြဖို့လိုတယ်" လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်အုပ်စုဟာစစ်ကြောင်းထိုးပါက အရင်ကလို အများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတွေကို အသုံးမပြုတော့ပဲ တောင်ခြေရင်းတွေကျေးရွာတွေနဲ့ ဝေးရာတွေကသာ သွားလာကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂန့်ဂေါအခြေစိုက် ခလရ ၅၀ က အင်အား ၁၂၀ ဝန်းကျင်ပါစစ်ကြောင်းကလည်း ညအိပ်စခန်းချနေတဲ့ ကွမ်းမွှေးချောက်ရွာကနေ ကန်ရွာနယ်မြေဘက်ကို ဦးတည်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာ စခန်းချနေတဲ့ ခလရ ၅၀ စစ်တပ်ဟာ ပတ်ဝန်းကျင်ရွာတွေကို  ၁၂၀ မမလက်နက်ကြီးနဲ့ မကြာခဏဆိုသလို ပစ်ခတ်လို့ ဩဂုတ်လ ၁၁ ရက်မှာ မြင်သာရွာက အသက် ၅၈ နှစ်အရွယ်အမျိုးသမီးတဦးနဲ့ အသက် ၃၃ နှစ်အရွယ်အမျိုးသားတဦးသေဆုံးခဲ့သလို အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးအပြင် အမျိူးသမီးတဦးနဲ့အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဩဂုတ်လ ၈ ရက်ကလည်း ရေသာကျေးရွာက အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတဦး သေဆုံးခဲ့ရပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီစစ်ကြောင်း #ခလရ၅၀ #မကွေးတိုင်း #ဂန့်ဂေါ #ပကဖ #စစ်ရှောင် #တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10