သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း ၂ ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ မကွေးတိုင်းအခြေစိုက် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ကြိုးကြာနီတပ်ရင်းက ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဘက်ပြောင်းခိုလုံသူ ၂ ဦးဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကိုဝေယံထွန်းနဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်က ကိုဝေယံထွန်းတို့ဖြစ်ပြီး သူတို့ ၂ ဦးဟာ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ ကြိုးကြာနီတပ်ရင်းကိုချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံလာခဲ့တာလို့ ကြိုးကြာနီတပ်ရင်းမှူး ကိုပလာတာက ဆိုပါတယ်။
အသက် ၂၂ နှစ်အရွယ် ရွှေဘိုဝေယံထွန်းဟာ စစ်ကောင်စီရဲ့ အမှတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း ဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် စလင်းဝေယံထွန်းကတော့ စစ်ကောင်စီရဲ့ အမှတ်စဉ် ၅ စစ်မှုထမ်းသင်တန်းဆင်းဖြစ်တယ်လို့ သူကပြောပါတယ်။
ရွှေဘိုဝေယံထွန်းဟာ ၂၀၂၄ ဧပြီမှာ အမှတ်စဉ် ၁ စစ်မှုထမ်းသင်တန်းတက်ဖို့ ရွှေဘိုမြို့နယ် အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၈)ဆီ ပို့ခံလိုက်ရတာဖြစ်ပြီး စလင်းဝေယံထွန်းကတော့ ၂၀၂၄ သြဂုတ်မှာ စပါးစိုက်ပြီးပြန်လာချိန် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးတပ်မြို့ကို အမှတ်စဉ် ၅ စစ်မှုထမ်းသင်တန်းတက်ဖို့ ပို့ဆောင်ခံခဲ့ရတာလို့ သူက ဆိုပါတယ်။
ရွှေဘိုဝေယံထွန်းဟာ သင်တန်း ၃ လတက်ပြီးတဲ့နောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ အခြေစိုက် အမြောက်တပ်ရင်းတခုမှာ တာဝန်စထမ်းဆောင်စဉ် သူ့ကိုလာခေါ်ဖို့ မကွေးတိုင်းအခြေစိုက် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ကြိုးကြာနီတပ်ရင်းကို ပထမအကြိမ်ချိတ်ဆက်ခဲ့သေးပေမဲ့ ဝေးလွန်းတာကြောင့် သွားမခေါ်နိုင်ခဲ့ဘူးလို့ ကြိုးကြာနီတပ်ရင်းမှူး ကိုပလာတာက ပြောပါတယ်။
အဲဒီနောက် ၂ လအကြာမှာ ရွှေဘိုဝေယံထွန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆောင်းပြောင်းအထိုင်တပ်ကို ရွှေ့ရကာ ၂ လတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ဒီဇင်ဘာလလယ်ပိုင်းလောက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကို ထပ်မံရွှေ့ရတဲ့အခါ စလင်းဝေယံထွန်းနဲ့တွေ့ကာ ဘက်ပြောင်းခိုလှုံဖို့ ကြိုးကြာနီတပ်ရင်းကို ဒုတိယအကြိမ်ချိတ်ဆက်ကာမှ ၂ ယောက်လုံးကို သွားခေါ်နိုင်ခဲ့တာလို့ သူကဆိုပါတယ်။
“ကျနော်တို့ သူတို့(ပထမအကြိမ်)ချိတ်ဆက် ဆက်သွယ်လာတဲ့အခါ ကျနော်တို့အနေနဲ့ သူတို့ကို ခေါ်ဖို့ရာ အဆင်မပြေခဲ့ဘူးပေါ့။ သူတို့ရဲ့ အနီးကပ်ဆုံးနေရာမှာ ကျနော်တို့မရှိတော့ အဆင်မပြေခဲ့ဘူး။ ၁၂ လပိုင်းလောက်မှာ သူတို့က ကျနော်တို့နဲ့ အနီးကပ်ဆုံးနေရာမှာ ရောက်လာတဲ့အခါ လွယ်ကူစွာပဲ ကျနော်တို့ခေါ်ပေးနိုင်ခဲ့တယ်။” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ သူတို့ ၂ ဦးကို ကြိုးကြာနီတပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့အတူထားရှိပြီး ၁ ဦးကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်မှာဖြစ်တယ်လို့ သူက ဆိုကပါတယ်။
၂၀၂၄ ဇူလိုင်လထဲမှာလည်း စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း ၂ ဦး ကြိုးကြာနီတပ်ရင်းဆီကို ဘက်ပြောင်းခိုလှုံလာခဲ့ပြီး စုစုပေါင်း ၄ ဦး ရှိပြီလို့ သူကပြောပါတယ်။
စာတည်း - ဟယ်ရီ
#မြေလတ်အသံ
#ကြိုးကြာနီတပ်ရင်း #စစ်မှုထမ်းသင်တန်းဆင်း #ဘက်ပြောင်းခိုလှုံ
Share Share Share