စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့လို့ မြစ်ဆုံရွာက အိမ် ၂ လုံး ပျက်စီး    ■ မြစ်ဆုံရွာအနီးက ရှင်လောင်းပွဲလည်းပျက်

စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့လို့ မြစ်ဆုံရွာက အိမ် ၂ လုံး ပျက်စီး ■ မြစ်ဆုံရွာအနီးက ရှင်လောင်းပွဲလည်းပျက်

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်ဆုံရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ နေအိမ် ၂ လုံး ထိမှန်ပျက်စီးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နဲ့ လုံခြုံရေးအဖွဲ့ - CDSOM ခေါင်းဆောင်ကိုနွေဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာ ၂ စီးဟာ မြစ်ဆုံရွာရဲ့ အရှေ့မြောက်ခြမ်းကို ဗုံးသီး ၂ လုံးကြဲချပြီး စက်သေနတ်တွေနဲ့တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

လာရောက်ပစ်သွားချိန်မှာလည်း ဒေသခံတချို့ဟာ ပဲရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် တောတွေထဲမှာ ပဲတွေကို ရိတ်သိမ်းနေတာကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် နေအိမ် ၂ လုံးက ၁ အိမ်လုံးနီးပါးပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“ ၁ စီးက ဗုံးကြဲတယ်၊ ၁ စီးက ပတ်ပစ်တာပေါ့။ ၂ စီးယှဉ်ပြီးတော့ အဲလိုမျိုးလာပစ်တာ။ လူတွေက အဆောက်အဦထဲမှာ မရှိတဲ့အတွက်ကြောင့်မို့လို့ အထိအခိုက်မရှိလိုက်ဘူး” လို့ ကိုနွေဦးက ပြောပါတယ်။

အခုလိုလေယာဉ်နဲ့ လာရောက်ပစ်ခတ်ချိန် မြစ်ဆုံရွာနဲ့ ဘေးချင်းကပ်လျှက်ရွာမှာလည်း ရှင်လောင်းလှည့်နေချိန် ဖြစ်တဲ့အတွက် ၎င်းတို့ရွာကိုလာရောက်ပစ်ခတ်တယ်လို့ထင်ပြီး ရှင်လောင်းလှည့်နေတဲ့သူတွေလည်း အကုန်ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

“မြစ်ဆုံရွာကိုဗုံးကြဲတဲ့အချိန်မှာ ရှင်လောင်းလှည့်တဲ့နေရာကလည်း တုန်သွားတာပေါ့နော်။ တုန်သွားပြီးတော့ သေနတ်ပစ်သံတွေကလည်း အနီးကပ်လိုဖြစ်တော့ ကိုယ်တွေ ကိုယ်ပဲ လာပစ်တယ်ထင်ပြီး ရှင်လောင်းလှည့်တဲ့သူတွေကလည်း အကုန်လုံးထွက်ပြေးကြရတာပေါ့။ အဲ့အချိန်မှာ ရှင်လောင်းလှည့်ပွဲကလည်း ပျက်သွားတာပေါ့ ” လို့ ကိုနွေဦးက ဆက်ပြောပါတယ်။

စစ်တပ်မတရားအာဏာသိမ်းမှု ၄ နှစ်ပြည့်တဲ့နေ့မှာ မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ မြောင်မြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့တွေလည်းပါတဲ့အတွက် စစ်ကောင်စီတပ်သားတွေက အခုလို လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

မြစ်ဆုံရွာကို မကြာခဏစစ်ကြောင်းထိုးတာမျိုးတွေလုပ်ဆောင်တာရှိပေမယ့်လည်း အခုလိုလေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်တာကတော့ ပထမအကြိမ်သာဖြစ်တယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မြောင်မြို့ #မြစ်ဆုံရွာ #စစ်ကောင်စီ #လေကြောင်း #CDSOM #ကိုနွေဦး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10