စစ်ကောင်စီ၏ လေကြောင်းနှင့်ဆက်စပ်သည့်နေရာများ ပိုမိုတိုက်ခိုက်ခံလာရ

စစ်ကောင်စီ၏ လေကြောင်းနှင့်ဆက်စပ်သည့်နေရာများ ပိုမိုတိုက်ခိုက်ခံလာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်ပြီး ကလေးနှင့် အမျိုးသမီးတွေအပါအဝင် ပြည်သူ ၂၀၀ ခန့်ကို အစုလိုက်အ ပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့်နောက်ပိုင်း စစ်ကောင်စီ၏ လေတပ်အပါအဝင် ၎င်းနှင့်ဆက်စပ်နေသည့် နေရာများသည် ပိုမိုတိုက်ခိုက်ခံလာနေရသည်။


မြေပြင်စစ်ဆင်ရေးများတွင် အကျအဆုံးများနေသည့် စစ်ကောင်စီသည် ယခုနောက်ပိုင်းတွင် လေကြောင်းပစ်ခတ်မှုများကို အဓိက အားထား တိုက်ခိုက်ခဲ့ရာမှာ အရပ်ဘက်ပစ်မှတ်များကိုပါ ထိမှန်ကာ အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရသည့်အဖြစ်များ ဆက်တိုက်ဆိုသလို ကြုံလာရသည်။

အဆိုပါ တိုက်ခိုက်မှုများအနက် ရင်ပေါင်တိုင်ကျေးရွာ၊ လက်ယက်ကုန်းကျေးရွာ၊ အနန့်ပါကျေးရွာ၊ ဝေဘူလကျေးရွာနှင့် မကြာသေးခင်က ကျူးလွန်ခဲ့သည့် ပဇီကြီးကျေးရွာ တိုက်ခိုက်မှုများတွင် ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် ပြည်သူ အများအပြား သေဆုံးခဲ့ရသည်။

ဧပြီလ ၁၁ ရက်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ တိုက်ခိုက်မှုသည် အဆိုးရွားဆုံးနှင့် အရပ်သားပြည်သူ ၁၇၀ ခန့် သေဆုံးခဲ့ရာ မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှု အများဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

ပဇီကြီးကျေးရွာ အုပ်ချုပ်ရေးရုံးသစ်ဖွင့်ပွဲတွင် အကျွေးအမွေးနှင့်ဧည့်ခံသဖြင့် ပဇီကြီးကျေးရွာအပြင် အနီးအနားရှိ ကျေးရွာများကပါ လာရောက်စားသောက်နေသည့်အချိန် ပစ်ခတ်ခဲ့တာကြောင့်လည်း ယခုလို အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပြီးသည့်နောက် ယင်းလုပ်ရပ်ကို လက်တုန့်ပြန်သည့်အနေဖြင့် မြို့ပြပြောက်ကျားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး ဧပြီလ ၁၆ ည ၁၂ နာရီ အချိန် နေပြည်တော်၊ ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဧလာလေဆိပ်ရှိ ဆီကန်ကို ကျည်ထိမှန်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အလားတူ ဧပြီလ ၁၈ ရက်တွင်လည်း ရန်ကုန်တိုင်း သံလျင်မြို့တွင် နေထိုင်သည့် လေတပ်အရာရှိတဦးကို မြို့ပြပြောက်ကျားအဖွဲ့များက သွားရောက်လုပ်ကြံခဲ့ရာတွင် လေတပ်အရာရှိမှာ လွတ်မြောက်သွားသော်လည်း ၎င်းနှင့် ဆွေမျိုးတော်စပ်သူ ကြည်တပ်မှ အငြိမ်စား ဒုတိယဗိုလ်မှူးကြီးတဦးအပါအဝင် သုံးဦး သေဆုံးခဲ့သည်။

ဧပြီလ ၁၅ ရက်က ဗီယက်နမ်နိုင်ငံမှ လေယာဉ်ဆီ (Jet A1) တန်ချိန် ၁၅၀၀၀ ခန့် တင်ဆောင်လာသည့် M.T Yida 8 သင်္ဘောသည် ယနေ့ (ဧပြီ ၂၁)မနက် ၆ နာရီခန့်တွင် Puma Jetty Thilawa ဆိပ်ကမ်းသို့ ဆိုက်ကပ်လျက်ရှိတာကြောင့် ယင်းသို့သော လေတပ်နှင့်ဆက်စပ်သည့် လုပ်ငန်းများကိုလည်း နိုင်ငံတကာမှ ဖိအားပေး ရပ်တန့်သွားစေရန် ဆောင်ရွက်သင့်ကြောင်း သတင်းအရင်းအမြစ်တဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ လေတပ်ပစ်မှတ်များကို အဓိကထား ရွေးချယ်တိုက်ခိုက်နေသည့် Brave Warriors For Myanmar (BWM) အဖွဲ့က ၎င်းတို့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်ပြိုလျှင် ပြည်သူအားလုံး စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ပြီဖြစ်၍ အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်ကို ဖြိုခွင်းချေမှုန်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်ဟုဆိုသည်။

ထို့ကြောင့်လည်း အဆိုပါအဖွဲ့က ဧပြီလ ၁၉ ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် စစ်ကောင်စီ လေတပ်များ၊ ၎င်းတို့၏နေအိမ် လိုင်းခန်းများကို ထပ်မံပစ်ခတ်ချေမှုန်း သွားမည်ဖြစ်သောကြောင့် မိသားစုဝင်များအနေဖြင့် စစ်ကောင်စီတပ်များမှ အမြန်ဆုံးစွန့်ခွာရန် ထပ်မံအသိပေးကြောင်း ဖော်ပြထားသလို ခိုင်မာတည်ကြည်သည့် မြို့ပြစစ်သည်တော် မည်သည့်အဖွဲ့အစည်းကိုမဆို မဟာမိတ်ညီနောင်စိတ်ဓာတ်အပြည့်ဖြင့် ကူညီပေးသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီလေတပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် Brave Warriors for Myanmar(BWM)၊ MKCDF၊ သံတောင်မြောက်ပိုင်းအဖွဲ့၊ Liberty Thunderနှင့် Anonymous Mission Team Alpha အဖွဲ့သည် ပဇီကြီးတိုက်ခိုက်မှု မတိုင်ခင်ကလည်း မှော်ဘီလေတပ်စခန်း၊ နေပြည်တော် ဧလာလေတပ်စခန်းနှင့် မင်္ဂလာဒုံလေတပ်စခန်းများကို ဒုံးများနှင့် တိုက်ခိုက်ထားပြီး ဖြစ်သည်။

အလားတူ ပဲခူးတိုင်း တောင်ငူလေတပ်စခန်းဌာနချုပ်(တလခ)ကိုလည်း မတ်လ ၂၅ ရက်နှင့် ၂၇ ရက်မှာ KNLA ၊ PDF ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံး ၈ လုံးနှင့် တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ခုမှာ ရဟတ်ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်သား ၃ ဦးလည်း သေဆုံးခဲ့ကြသည်ဟု Bago Region PDF က မြေလတ်အသံကို ပြောထားသည်။

မကွေးမြို့အခြေစိုက် စစ်ကောင်စီ မကွေးလေတပ်စခန်းဌာနချုပ်(ကလခ)ဟာလည်း ဖေဖော်ဝါရီ ၁၀ ရက်မှာ ရှော့တိုက်ဒုံး ၃ လုံးနှင့် ပတ်ခတ်ခံခဲ့ရသေးသည်။ ယင်းတိုက်ခိုက်မှုတွင် သေဆုံးထိခိုက်ဒဏ်ရာရမှု စာရင်းကို မသိရသော်လည်း ယင်းညက တပ်ဖွဲ့ဝင်မိသားစုများပါမကျန် တညလုံး ကင်းစောင့်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

မင်္ဂလာဒုံလေဆိပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင်လည်း လေယာဉ်ပြေးလမ်းတွင် အပေါက်ကြီး ပေါက်ကာ ပြေးလမ်းပျက်စီးသွားခဲ့တာကြောင့် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မျက်နှာပျက်ခဲ့ရသည်ဟု လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည် CDM လေတပ်အရာရှိတဦးက ဆိုသည်။

အဆိုပါ CDM လေတပ်အရာရှိက သူ၏လုံခြုံရေးအတွက် အမည်ကို မဖော်ပြရန် မြေလတ်အသံကို တောင်းဆိုထားသည်။

“အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုမှာ အဲဒီလိုဖြစ်သွားတဲ့အတွက်ကြောင့်လည်း စကစရဲ့ ပုံရိပ်က နိုင်ငံတကာ မျက်နှာစာမှာ တော်တော်လေး နိမ့်ကျသွားနိုင်တဲ့ အနေအထေားတွေ တွေ့ရတယ်” ဟု သူက မှတ်ချက်ပေးသည်။

စစ်ကောင်စီ၏ ဧလာလေတပ်စခန်းသည် တံတားဦးလေတပ်စခန်းကဲ့သို့ပင် ယခုနောက်ပိုင်းတွေ တော်လှန်ရေး နယ်မြေများတွင် အဓိက အသုံးပြုသည့် Mi 35 ရဟတ်ယာဉ်နှင့် Yak 130 လေယာဉ်များကိုထားသည့် လေတပ်စခန်းဖြစ်သလို လုံခြုံမှုအရှိဆုံးနေရာဟု စစ်ကောင်စီက သတ်မှတ်ထားသည့် နေရာလည်းဖြစ်သည်ဟု CDM လေတပ်အရာရှိက ဆိုသည်။

ယခုနှစ် မတ်လ ၂၆၊ ၂၇ ရက်တွင် နှစ်ကြိမ်ဆက်တိုက် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည့် နေပြည်တော်၊ ဧလာလေတပ်စခန်းကို ပဇီကြီးတိုက်ခိုက်မှုပြီးသည့်နောက်ပိုင်း ဧပြီလ ၁၆ ရက်တွင် Brave Warriors for Myanmar (BWM)အဖွဲ့၏ ပံ့ပိုးမှုဖြင့် ကရင်၊ ကရင်နီပြောက်ကျားတပ်ဖွဲ့များပါသည့် MKCDF အဖွဲ့က တတိယအကြိမ်မြောက် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြိမ်တွင် ထိခိုက်ပျက်စီးမှုလည်း များခဲ့သည်။

စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM လေတပ်အရာရှိက “အဓိကကတော့ အခုနောက်ပိုင်း တော်လှန်ရေးနယ်မြေတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ လေယာဉ်တွေရှိတဲ့တပ်၊ ဌာနတွေကို တိုက်ခိုက်နိုင်ရင်တော့ အကောင်းဆုံးပဲ” ဟု အကြံပြုသည်။

စစ်ကောင်စီက ပဇီကြီးကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ပြီးသည့်နောက်ပိုင်း ဧပြီလ ၁၈ ရက်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာကိုလည်းကောင်း၊ ဧပြီလ ၂၀ ရက်တွင် မကွေးတိုင်း ဂန့်ဂေါ်ခရိုင်၊ ထီးလင်း မြို့နယ်အနောက်ဘက်ခြမ်းရှိ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ရုံးကိုလည်းကောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပအဖဝန်ထမ်း သုံးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရကာ နေအိမ်နှင့် အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့သည်။

ထို့အပြင် ဧပြီလ ၂၀ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေစဉ် စစ်ကောင်စီက ဂျက်ဖိုက်တာ တစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအနီးတွင်လည်း ဧပြီလ ၂၀ ရက်က စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုများ လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီ၏ လေယာဉ်များကို တိုက်ရိုက်ဖျက်ဆီးနိုင်ပါက အကောင်းဆုံးဖြစ်ပြီး ယင်းသို့ မဖျက်ဆီးနိုင်ပါကလည်း လေယာဉ်ရှိမည့်နေရာသို့ အသက်ရင်းကာ သွားရောက် ပစ်ခတ်တိုက်ခိုက်မည့်အစား လေယာဉ်တက်မည့်ပြေးလမ်းများကို ဖျက််ဆီးတိုက်ခိုက်သင့်သည်ဟု စစ်ကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM လေတပ်အရာရှိက အကြံပြုသည်။

“ဒီလေယာဉ်ပြေးလမ်းကို ကောင်းကောင်းဖျက်ဆီးထားနိုင်မယ်ဆိုရင် ရုတ်တရက်ပြန်ပြင်ဖို့ဆိုတာက အနည်းဆုံးတော့ အချိန် ၁ ပတ်လောက်ယူရမယ်” ဟု သူက ထပ်မံရှင်းပြသည်။

ယခုလက်ရှိ စစ်ကောင်စီက လေကြောင်းစစ်ဆင်ရေးများတွင် အသုံးပြုနေသည့် Yak-130 ရုရှားလုပ် အပေါ့စားတိုက်လေယာဉ်များသည် ယခင်က မှော်ဘီလေတပ်စခန်းတွင် ထားရှိသော်လည်း အဆိုပါ လေတပ်စခန်းမှာ မကြာခဏ တိုက်ခိုက်ခြင်းခံရသဖြင့် ယင်းလေယာဉ်များကို တံတားဦးလေတပ်စခန်းကို ပြောင်းရွေ့ခဲ့သည်။

Yak-130 တိုက်လေယာဉ်သည် အသံထက်မြန်သည့် စူပါဆောနစ်လေယာဉ်ဖြစ်ပြီး ဝေဟင်ကနေ ဝေဟင်ကို ပစ်ခတ်နိုင်သော R-73 ပါ ဒုံးကျည်များ တပ်ဆင်ကာ ပစ်မှတ်မလွှဲအောင် ပစ်ခတ်နိုင်သည့် လေဆာလမ်း ညွှန်စနစ်ပါ တိုက်လေယာဉ်အမျိုးအစား ဖြစ်သည်ဟု လေတပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ဆိုသည်။

“ဒီဖိုက်တာတွေနဲ့ ရခိုင်မှာ စစ်ဆင်ရေး လုပ်ခဲ့ဖူးတယ်။ ရခိုင်မှာတုန်းက ဒု-မှူးကြီးတယောက်က ပစ်မှတ်ကို တမင်လွှဲပစ်လို့ အရေးယူချောင်ထိုးခံရသေးတယ်။ အခု ကန့်ဘလူကို တာဝန်ယူသွားတာက အပတ်စဉ် ၄၁ က ပိုင်းလော့တွေလို့ သိရတယ်” ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီတွင် ရုရှားနိုင်ငံလုပ် Su-30SME အမျိုးအစား တိုက်လေယာဉ်များ ရှိသေးသော်လည်း ထုတ်သုံးတာ မတွေ့ရသေးဘူးဟု လေတပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ဆိုသည်။

စစ်ကောင်စီအနေဖြင့်လည်း သူတို့၏ လေတပ်ပစ်မှတ်များကို ယခုလိုတိုက်ခိုက်ခံရသည့်နောက်ပိုင်းတွင် ရှော့တိုက်ဒုံးပစ်နိုင်သည့် အကွာအဝေးတွင် လှည့်ကင်းပတ်ခြင်း၊ ဒရုန်းများ အသုံးပြုကာ ကင်းထောက်ခြင်း၊ သတင်းထောက်လှမ်းရေးများ အသုံးပြုခြင်း စသည့် လုံခြုံရေး တိုးမြှင့်ခြင်းများ ပိုမိုလုပ်လာနိုင်သည်ဟု ဆိုသည်။

မင်္ဂလာဒုံလေဆိပ် မတိုက်ခိုက်ခံရခင် အချိန်က စစ်ကောင်စီဟာ မင်္ဂလာဒုံလေဆိပ်မှ လေယာဉ်များကို နေရာပြောင်းရွှေ့ခြင်း၊ လေယာဉ်တွေကို လမ်းသွား၊ လမ်းလာများ မမြင်ရလေအောင် အကာအရံများ ပြုလုပ်ခြင်း စသည့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သူကဆိုသည်။

“နောက်ပိုင်းမှာ အခြားလေတပ်စခန်းတွေမှာလည်း လေယာဉ်တွေကို နေရာရွှေ့ပြောင်းတာတို့ အကာအရံ လုပ်တာတို့ လေယာဉ်တွေကို ဖွက်မယ့်အစီအစဉ်တွေလည်း ကျနော်တို့ နောက်ပိုင်း သတင်းတွေ ကြားနေတယ်” ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီ၏ လေတပ်အပါအဝင် ၎င်းနှင့်ဆက်စပ်နေသည့် နေရာများကို တိုက်ခိုက်နေသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို CDM လေတပ်အရာရှိက ယခုလို အကြံပြုအားပေးသည်။

“ဒီပိုင်းလော့တွေရဲ့ အတွေ့အကြုံနဲ့ စိတ်ဓာတ်က ကျနော်တို့ တော်လှန်ရေးသမားတွေထက် စာရင် အများကြီးနိမ့်ကျတယ်။ ဒါကြောင့် ဒီလေယာဉ်ကို ၁ စီး၊ ၂ စီးလောက် ပစ်ချနိုင်ပြီဆိုရင် လေတပ်ပွဲပျက်ပြီ” ဟု ဆိုသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10