စစ်ကောင်စီဝန်ထမ်းတွေမရှိတော့တဲ့ ဂမုန်းဆည်မှာ စိုးရိမ်ရေအမှတ်ကိုရောက်ရှိလာလို့ PDF တွေ ထိန်းသိမ်းပေး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းဆည်မှာ သတ်မှတ်စိုးရိမ်ရေအမှတ်ပြည့်တဲ့အထိ ရေတိုးလာနေတာကြောင့် လိုအပ်တဲ့ထိန်းသိမ်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုဆီက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက်ကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် သတ်မှတ်ဆည်ရေအမှတ် ၂၆၉ ပေအနီးကိုရောက်ရှိလာကာ ဆည်ရေလျှံကျနိုင်တာနဲ့ ဆည်ကျိုးနိုင်တဲ့အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ထိန်းသိမ်းမှုတချို့လုပ်နေရတာလို့ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ခွဲမှူး ရဲဘော်ဒေဝ က ပြောပါတယ်။ 

တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားနေတဲ့နယ်မြေမှာရှိတဲ့ အဲ့ဒီဆည်မှာ ဆည်မြောင်းဝန်ထမ်းတွေမရှိတော့တာကြောင့် တပ်ဖွဲ့ဝင်ရဲဘော်တွေက ပင်မရေလှောင်ကန်တံခါးက ထိန်းပြီးရေလွှတ်တာ၊ ရေစီးဆင်းမှုကောင်းဖို့ အမှိုက်တွေရှင်းလင်းတာ၊ တမံဘောင်ပတ်ချာလည်မှာ ပျက်စီးယိုစိမ့်မှု ရှိ၊မရှိကို အလှည့်ကျတာဝန်ယူ လုပ်ဆောင်နေကြတာလို့ ဆိုပါတယ်။ 

ဒေသခံတဦးကတော့ ဆည်ရေပြည့်လျှံတာကို မထိန်းသိမ်းလို့ဆည်ကျိုးကျပါက ဆည်အောက်ဘက်ရှိ ဝိုင်းရွာ၊ အလယ်ကုန်း၊ ကိုင်းတောစု၊ လက်ပတော၊ ဒေါင်းကြီး၊ ဒေါင်းလေး၊ အညာတန်း၊ သရက်ကိုင်းကျိုး၊ လှေတုံး၊သခွတ်ကုန်းစတဲ့ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံရနိုင်တယ်လို့ ပြောပါတယ်။

ဂမုန်းဆည်မှာ လုပ်ကိုင်နေသူ စစ်ကောင်စီဝန်ထမ်း ၃ ဦးဟာ အခုနှစ် ဇန်နဝါရီလအတွင်းက စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဆည်အနီးဝန်းကျင်မှာ  ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် အဆိုပါကာလကတည်းက တိမ်းရှောင်ထွက်ပြေးသွားတာလို့ သိရပါတယ်။

အုတ်ဖိုမြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်မြေတွေဟာ ဒီဆည်ကနေ ရေရရှိနေတာဖြစ်ပြီး ဆည်ဝန်ထမ်းတွေမရှိတဲ့အတွက် မြိုနယ်အတွင်း နွေစပါးစိုက်ခင်းရေပေးဝေရာမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက လေ့လာစောင့်ကြည့်ပြီး ရေပေးဝေခဲ့ရတယ်လို့ တပ်ခွဲမှူးကပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်မှာတော့ ဆည်ရဲ့စိုးရိမ်ရေအမှတ်အောက် ၁ ပေခွဲခန့် လျော့ကျသွားတဲ့အထိ ရေထိန်းတမံနဲ့ ရေပိုလွှဲမှရေကို ထိန်းသိမ်းလွှတ်နိုင်ခဲ့ပြီး ဆည်မကျိုးအောင် ဆက်လက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #ဂမုန်းဆည် #PDF #သဘာဝဘေးအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10