စစ်ကောင်စီဝန်ထမ်းတွေ ပြည်သူနဲ့မပူးပေါင်းပါက နေအိမ်ကိုသိမ်းဆည်းမယ်လို့ မြိုင်ပကဖ ထုတ်ပြန်

စစ်ကောင်စီဝန်ထမ်းတွေ ပြည်သူနဲ့မပူးပေါင်းပါက နေအိမ်ကိုသိမ်းဆည်းမယ်လို့ မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ လာမယ့် ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး ပြည်သူနဲ့ပူးပေါင်းတာမရှိပါက ပိုင်ဆိုင်တဲ့နေအိမ်နဲ့ခြံကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမှာဖြစ်တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

အခုထုတ်ပြန်ချက်ဟာ မြိုင်မြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို အသိပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

 

"ပြည်သူနဲ့မပူးပေါင်းရင် ကျနော်တို့က အသက်ကိုရန်မရှာတော့ဘူး။ သူတို့ပိုင်ဆိုင်တဲ့နေအိမ်ခြံမြေတွေကို ပြည့်သူ့ဘဏ္ဍာအဖြစ်သိမ်းမယ်။ သိမ်းလို့ရတဲ့ အိမ်ကိုသိမ်းမယ် သိမ်းမရသေးရင်သူတို့(စစ်ကောင်စီဝန်ထမ်း)ကို ပြည်သူနဲ့ပူးပေါင်းဖို့နှိုးဆော်စာ ပို့သွားမယ်။" လို့ မြိုင်ပကဖ ခေါင်းဆောင်ဗိုလ်လက်ျာက ပြောပါတယ်။

 

ဒါ့အပြင် မြိုင်မြို့နယ်အတွင်းကို လာရောက်ဝာာဝန်ထမ်းတဲ့ ဝန်ထမ်းစာရင်းကိုလည်း ပြုစုထားပြီး သိမ်းဆည်းထားတဲ့ စာရင်းကိုလည်း မြိုင်ပကဖ Page ကနေထုတ်ပြန်သွားမယ်လို့သူကဆက် ပြောပါတယ်။

 

မြိုင်မြို့မှာ စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၄၀၀ ကျော်ရှိသလို အဲဒီအထဲက မြိုင်မြို့နယ်ထဲမှာ နေအိမ်ခြံဝန်းနဲ့နေထိုင်တဲ့ စစ်ကောင်စီဝန်ထမ်း ၈၀ ဦးကျော်ရှိတယ်လို့ ဆိုပါတယ်။

 

မြိုင်မြို့မှာ တော်လှန်ရေးအင်အားစုတွေဘက်က နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီက သိမ်းယူချိတ်ပိတ်ထားတာရှိပြီး အခုအစီအစဥ်ဟာလည်း စစ်ကောင်စီရဲ့ နေအိမ်ချိတ်ပိတ်မှုကို တန်ပြန်လုပ်ဆောင်မှုလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

သိမ်းဆည်းထားတဲ့ အိမ်တွေကို တော်လှန်ရေးပြီးပါက ပေါ်ပေါက်လာမယ့် စီမံခန့်ခွဲနိုင်တဲ့ကော်မတီကို အပ်နှံမှာဖြစ်ပြီး အဲဒီကော်မတီက လိုက်လျောညီထွေလုပ်ဆောင်နိုင်ခြင်း မရှိပါက မြိုင်မြို့နယ်အပိုင်အဖြစ် သိမ်းယူမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အလားတူထုတ်ပြန်ချက်မျိုးကို ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က ပဲခူးတိုင်းအနောက်ခြမ်းနတ်တလင်းမြို့က စစ်ကောင်စီထောက်တိုင်လို့ သတင်းကြီးတဲ့ ညောင်နှစ်ပင်အမျိုးသားညီလာခံကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးအမတ်ဟောင်း ကိုထွန်းဇော်(ခ)ကိုပေါက်က သူပိုင်ဆိုင်တဲ့ခြံအား မြေကွက်ရိုက်ရောင်းမှုကို နတ်တလင်းမြို့အခြေစိုက် Myanmar Revolution Force - MRF Nattalin က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အလိုရှိတဲ့တရားခံနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ တရားမဝင်ကြောင်း ထုတ်ပြန်ခဲ့တဲ့အတွက် မြေကွက်ဝယ်ယူမယ့်သူတွေ ရပ်တန့်သွားခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင် #စစ်ကောင်စီ #ဝန်ထမ်း #ပိုင်ဆိုင်မှု #နေအိမ်ချိတ်ပိတ် #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10