စစ်ကောင်စီ အသည်းအသန်ကာကွယ်နေရတဲ့ တန့်ဆည်မြို့သိမ်းတိုက်ပွဲ

စစ်ကောင်စီ အသည်းအသန်ကာကွယ်နေရတဲ့ တန့်ဆည်မြို့သိမ်းတိုက်ပွဲ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ကို သိမ်းပိုက်ရရှိရေးအတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်ကတည်းက ကြိုးပမ်းနေရာမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ ဟောင်ဝစ်ဇာပစ်ကူတွေနဲ့ အသည်းအသန်ကာကွယ်နေရပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ၂၀၂၂ ကတည်းက တန့်ဆည်မြို့ရဲစခန်းမှာ အခိုင်အမာတပ်စွဲခဲ့တာဖြစ်သလို မြို့ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အ.ထ.က(၁) စာသင်ကျောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးနဲ့ ဝန်ထမ်းအိမ်ရာတွေမှာပါ တပ်စွဲခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာလည်း မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်ခဲ့ရာမှာ တန့်ဆည်မြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း တန့်ဆည်မြို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တန့်ဆည်မြို့ကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ အ.ထ.က(၁)၊ ဝန်ထမ်းအိမ်ရာနဲ့ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွေကို နိုဝင်ဘာ ၂၂ ရက် မနက်စောစော ၁ နာရီမှာ စတင်တိုက်ခိုက်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ကျော် တပ်စွဲထားတဲ့ အဲ့ဒီနေရာ ၄ ခုကို PDF က သိမ်းပိုက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး ဆေးဝါးတချို့နဲ့ ကွန်ပျူတာ ၁ လုံးကို PDF တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

အဲ့ဒီ ၄ နေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေဟာ တန့်ဆည်မြို့ ရဲစခန်းထဲကို ထွက်ပြေးသွားကြပြီး ရဲစခန်းထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ခုခံခဲ့ကြပါတယ်။

အခုလို ထိတွေ့ပစ်ခတ်မှုတွေ မဖြစ်ပွားခင် မြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုတင်ရှောင်ရှားဖို့ပြောကြားခဲ့တဲ့အတွက် မြို့ပေါ်နေပြည်သူတချို့ ရှောင်တိမ်းနိုင်ခဲ့ပေမယ့် အများစုကတော့ စစ်ကောင်စီတပ်သားတွေက ဂိတ်ချပြီး ဖမ်းဆီးတာမျိုးတွေ လုပ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့သူတွေရှိသလို မြို့ထဲကနေ မတိမ်းရှောင်နိုင်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။

ကျနော်တို့က ပြည်သူတွေကို ပြောထားတယ် ကြိုရှောင်ထားဖို့။ ပထမ တရက်တော့ ပြည်သူတွေ ရှောင်လို့ လွတ်သွားတယ်။ ဒုတိယရက်ကျတော့ သူတို့စောင့်ဖမ်းတာ အယောက် ၃၀ ကျော်လောက် အဖမ်းခံလိုက်ရတယ်။ မနေ့ညကလည်း သူတို့ရုံးဘေးမှာရှိတဲ့ နေအိမ်တွေကိုလည်း မီးရှို့ခဲ့သေးတယ် ” လို့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

ဒါကြောင့် တန့်ဆည်မြို့ပေါ်မှာ စစ်ရေးတင်းမာနေတဲ့အချိန် မြို့ပေါ်နေပြည်သူတွေဟာ နေအိမ်တွေထဲမှာပဲ ပုန်းအောင်းနေကြရပါတယ်။

နိုဝင်ဘာ ၂၂ ရက် တိုက်ခိုက်ခံရမှုအပြီး နိုဝင်ဘာ ၂၃ ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်တပ်အင်အား ထပ်မံဖြည့်တင်းပြီး သူတို့တပ်စွဲခဲ့တဲ့ အ.ထ.က(၁) စာသင်ကျောင်းအနီးဝန်းကျင်က လူနေအိမ်တွေကို မီးရှို့ရှင်းလင်းခဲ့ကြတယ်လို့ တန့်ဆည်မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လူနေအိမ်တွေကို မီးရှို့ခဲ့သလို မြို့ထဲမှာပိတ်ထားတဲ့ ဈေးဆိုင်တွေကို အတင်းအဓမ္မ ဖွင့်ခိုင်းပြီး ကုန်စိမ်း၊ ကုန်ခြောက်တွေကို သုံးဘီဆိုင်ကယ်တွေနဲ့ ယူဆောင်သွားကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စာသင်ကျောင်းပတ်ချာလည်နဲ့ နောက်ကျောမှာတော့ နေအိမ်အလုံး ၃၀ နီးပါးရှိတယ်။ ဘယ်နှစ်အိမ် မီးထဲပါသွားလဲတော့ အတိအကျမသိရသေးဘူး။ အဲ့ဒီနားက ပြည်သူတွေလည်း ကြိုရှောင်ထားတော့ အဖမ်းခံရတာမျိုး မရှိဘူး’’ လို့ တန့်ဆည်မြို့ခံတဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ရုတ်တရက် အတိုက်ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့သလို သေနတ်တွေ ပစ်ဖောက်ပြီး ဆဲဆိုကြိမ်းမောင်းတာမျိုးတွေ လုပ်ခဲ့တာကြောင့် မြို့ပေါ်နေ ပြည်သူတွေဟာ အိမ်ပြင်ကို မထွက်ရဲကြဘူးလို့ သူက ဆက်ပြောပြပါတယ်။

 “ **တွေက ဆဲဆို၊ သေနတ်တွေဖောက်ပြီး သောင်းကျန်းနေတာ၊ မြို့ပေါ်က ဘယ်သူမှအပြင် မထွက်ရဲကြဘူး။ စျေးတွေလည်း မဖွင့်ရဲကြဘူး ” လို့ သူက ဆိုပါတယ်။

တန့်ဆည်မြို့ဟာ စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်ထဲမှာရှိပြီး မြို့ပေါ်လူဦးရေ ၁၄,၀၀၀ ကျော်ရှိတဲ့မြို့တမြို့ဖြစ်ပါတယ်။ ရေဦးမြို့နဲ့ ၁၃ မိုင်သာဝေးပြီး ကျွန်းလှ၊ ကန့်ဘလူ၊ ရေဦး၊ မင်းကင်းစတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတာပါ။ ရေဦးမြို့ ကနေ တောင်ဘက်ကို ဆက်သွားမယ်ဆိုရင် PDF နဲ့ စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိတဲ့ ဒီပဲယင်းမြို့၊ ဘုတလင်မြို့နဲ့ မုံရွာမြို့တွေနဲ့ ဆက်စပ်နေပါတယ်။ 

အလားတူ ရေဦးမြို့ကနေ အရှေ့ဘက်ကိုဆက်သွားကြည့်မယ်ဆိုရင် စစ်ကောင်စီစစ်ကြောင်းတွေ မကြာခဏ စစ်ကြောင်းထိုး၊ နေအိမ်မီးရှို့နေတဲ့ ခင်ဦးမြို့နဲ့ ရွှေဘိုမြို့တွေရှိပါတယ်။

တန့်ဆည်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်မယ်ဆိုရင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အခြေစိုက်တဲ့ မုံရွာမြို့ကို ခြိမ်းခြောက်ထားနိုင်မယ့် အခြေအနေဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တန့်ဆည်မြို့ကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေကြသလို စစ်ကောင်စီတပ်ဖွဲ့တွေကလည်း တန့်ဆည်မြို့ကို လက်မလွှတ်ရေးအတွက် လေကြောင်းပစ်ကူ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးပစ်ကူတွေနဲ့ အသည်းအသန် ကာကွယ်နေပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၂၈ ရက်မှာ တန့်ဆည်မြို့ကို သိမ်းပိုက်နိုင်ရေး ထပ်မံ ကြိုးပမ်းခဲ့ကြပါသေးတယ်။ အဲ့ဒီနေ့ ည ၁၂ နာရီအချိန်ကစပြီး စစ်ကောင်စီတပ်တွေ ပြန်လည်တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာ၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်းစတဲ့နေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ တန့်ဆည်မြို့ပေါ် ဝန်ထမ်းအိမ်ရာနဲ့ ထွေအုပ်ရုံးနေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရဲစခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ အခိုင်အမာတပ်စွဲထားတဲ့ ဘန်ကာ ၂ ခုကို သိမ်းပိုက်တဲ့အခါမှာတော့ တိုက်ပွဲဟာ ပြင်းထန်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နိုဝင်ဘာ ၂၉ ရက်မှာ မြေလတ်အသံက တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးထံဆက်သွယ် မေးမြန်းကြည့်တဲ့အခါမှာတော့ သူက အခုလို ပြန်ဖြေကြားခဲ့ပါတယ်။

ရဲစခန်းကိုဝင်သိမ်းတဲ့အချိန် လေယာဉ်နဲ့လာပစ်တော့ သိမ်းလို့မရသေးပါဘူး။ အခုလည်း ကန့်ဘလူဘက်ကနေ ဟောင်ဝစ်ဇာတွေနဲ့ ပစ်ကူပေးနေတယ်။ ရေဦးဘက်ကနေလည်း စစ်ကူတွေလာဖို့ပြင်နေတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲပါ”

နိုဝင်ဘာ ၂၉ ရက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက တန့်ဆည်မြို့ရဲစခန်းကို သိမ်းပိုက်ဖို့ ဝိုင်းဝန်းတိုက်ခိုက်နေကြတဲ့အချိန် စစ်ကောင်စီဘက်က မနက် ၆ နာရီမှာ တကြိမ်၊ ၈ နာရီမှာ တကြိမ် တိုက်လေယာဉ်တစီး၊ Mi-35 ရဟတ်ယာဉ်တစီးနဲ့ လာရောက်ပစ်ကူးပေးရတဲ့အထိ တိုက်ပွဲက ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

တနေကုန်တိုက်ခိုက်ခဲ့ကြတဲ့ တန့်ဆည်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းပစ်ကူ ၅ ကြိမ်လာပစ်ခတ်ခဲ့တာကြောင့် PDF ရဲဘော် ၁ ဦး သေဆုံးခဲ့ရသလို ၅ ဦးဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တန့်ဆည်မြို့ပေါ်က ဒေသခံတဦးကိုလည်း ကန့်ဘလူမြို့အခြေစိုက် ၆၀၀၆ တင့်ကားတပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့ပါသေးတယ်။

"ကျနော်တို့ အရင်ဆုံး ဝန်ထမ်းအိမ်ယာနဲ့ ထွေအုပ်ရုံးကို ဝင်ပစ်တယ်။ အဲဒါတွေကို သိမ်းနိုင်တယ်။ ရဲစခန်းက ဘန်ကာ ၂ ခုပဲ ကျန်တော့တယ်။ အဲ့ဒီမှာ လေကြောင်းပစ်ကူတာတွေလာတော့ ဆုတ်ခဲ့လိုက်ရတယ်" လို့ သူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု‌တွေ ပြုလုပ်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ထဲကနေပြန်လည်ဆုတ်ခွာခဲ့ပြီး နောက်ထပ်တကြိမ် ပြန်လည်တိုက်ခိုက်ဖို့ မြို့ပြင်ကနေ စောင့်ဆိုင်းနေချိန် တိုက်လေယာဉ်နဲ့ လာရောက် တိုက်ခိုက်ခဲ့သလို ရေဦးမြို့ဘက်ကလည်း စစ်ကူလာတာကြောင့် မြို့ထဲကို ထပ်မံမဝင်ရောက်တော့ဘဲ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ညနေ ၃ နာရီလောက်မှာ လုံးဝပြန်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ ပြန်ဆုတ်တဲ့ လမ်းတလျှောက်လုံး လေယာဉ်နဲ့ လိုက်ပစ်တာ" လို့ သူက ဆက်ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှ ၂၉ ရက်ညနေအထိ တန့်ဆည်မြို့ကိုသိမ်းပိုက်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုးပမ်းခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများစွာရှိခဲ့သလို လက်နက်တချို့နဲ့ စစ်ဘက်အသုံးအဆောင်ပစ္စည်းတချို့ကို PDFတွေက သိမ်းဆည်းနိုင်ခဲ့ကြပါတယ်။

တန့်ဆည်မြို့ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီက တန့်ဆည်မြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကောလင်းမြို့၊ ခမ်းပတ်မြို့နဲ့ ရွှေပြည်အေးမြို့ တွေကို အောင်မြင်စွာသိမ်းပိုက်ထားပြီးဖြစ်သလို တန့်ဆည်မြို့နဲ့ ထီးချိုင့်မြို့တို့ကိုလည်း သိမ်းပိုက်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

 

 #မြေလတ်အသံ

 

#ဆောင်းပါး #သတင်းဆောင်းပါး #စစ်ကောင်စီ #PDF #တန့်ဆည် #မြို့သိမ်းတိုက်ပွဲ #လေကြောင်းပစ်ကူ #လက်နက်ကြီးပစ်ကူ #Mi35 #ဟောင်ဝစ်ဇာ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10