စစ်ကြောင်းက ပြန်လွှတ်လိုက်တဲ့ ပြည်သူ ၃ ဦးကို ပျူစောထီးတွေက ထပ်ဖမ်းထားပြီးနောက် ၂ ဦး အသတ်ခံလိုက်ရ

စစ်ကြောင်းက ပြန်လွှတ်လိုက်တဲ့ ပြည်သူ ၃ ဦးကို ပျူစောထီးတွေက ထပ်ဖမ်းထားပြီးနောက် ၂ ဦး အသတ်ခံလိုက်ရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာမှာ စစ်ကြောင်းရှောင်ရင်း ဖမ်းဆီးခေါ်ဆောင်တာခံလိုက်ရတဲ့ ပြည်သူ ၃ ဦးထဲက ၂ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ အင်းလယ်ကြီး ပလဖ အဖွဲ့ဝင်တွေဆီက သိရပါတယ်။

အင်းလယ်ကြီးရွာသားတွေဖြစ်တဲ့ ကိုပိုင်သက်ကျော်၊ ကိုတာဝင်း နဲ့ ကိုကျောက်စိမ်းဦးတို့ ၃ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့တွေက အောက်တိုဘာ ၇ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ငါတို့ရွာထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီ ၃ ဦးထဲက အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ကိုတာဝင်း နဲ့ ကိုကျောက်စိမ်းဦး တို့ ၂ ဦးကို စစ်ကောင်စီတပ်တွေက ငါတို့ရွာထဲမှာ သေနတ်နဲ့ ပစ်သတ်လိုက်ပြီး  အသက် ၁၇ နှစ်အရွယ် ကိုပိုင်သက်ကျော်ကိုတော့ ရိုက်နှက်ပြီး အဲဒီနေ့ ညနေ ၃ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ အင်းလယ်ကြီး ပလဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီက အင်းလယ်ကြီးရွာသားဆိုတာနဲ့ သတ်တာဘဲ။ ဘာမှအထောက်အထား ပြည့်ပြည့်စုံစုံ မရှိဘူး၊ သူတို့ အလောင်းတွေကိုလည်း ပြန်မရဘူး။ အလောင်းက စစ် **တွေရဲ့  အထိုင်ချစခန်းမှာဘဲရှိတော့ ဒီဘက်ကလူတွေကလည်း သွားလည်းမကောက်ရဲဘူး” လို့ ဆိုပါတယ်။

ပြန်လွတ်လာတဲ့ ကိုပိုင်သက်ကျော်ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ  ခြေထောက်တွေကို သံချောင်းနဲ့ ရိုက်နက်ထားတဲ့အပြင် အခုလိုသူတို့ရဲ့ လုပ်ရပ်တွေကို ပြန်မပြောဖို့ကိုလည်း သတိပေးပြောဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“မျက်နှာတွေတော့ ရိုက်ထားတာမျိုးတွေမရှိဘူး၊ ခြေထောက်တွေ၊ ညိုတကြီးတွေနဲ့ ခြေဖဝါးတွေကို သံလုံးနဲ့ရိုက်ထားတယ်။ အခုဆို ကလေးက ကြောင်သလိုဖြစ်နေတယ်။ ယောကျာ်းလေးတွေ စုစုမြင်ရရင် ကြောက်နေတာ လန့်နေတာမျိုးတွေဖြစ်တယ်” လို့ ဆိုပါတယ်။

ခြေလျင်တပ်ရင်း - ၁၃၇ စစ်ကောင်စီစစ်ကြောင်းဟာ အင်းလယ်ကြီးရွာက ၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာပဲ နေအိမ် ၇၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားသလို စိတ်ဝေဒနာရှင် ၁ ဦးဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုဝလီ ကို ပစ်ခတ်သတ်ဖြတ်သွားတဲ့အပြင် အသက် ၆၇ နှစ်အရွယ် ဦးဌေးမောင်ကိုလည်း လက်ပြန်ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်သွားခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ကန့်ဘလူ #အင်းလယ်ကြီးရွာ #ပျူစောထီး #စစ်ကောင်စီတပ် #ဒေသခံ #ဖမ်းဆီးသတ်ဖြတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10