စစ်ကြောင်းထိုးဖမ်းခေါ်သွားခံရတဲ့ စပါးမျှောရွာခံ ၈၀ နီးပါးအနက် ၅၂ ဦးပြန်လွတ်လာပြီး ဖမ်းဆီးခံထားရစဉ် ၂ ဦးသေဆုံး

စစ်ကြောင်းထိုးဖမ်းခေါ်သွားခံရတဲ့ စပါးမျှောရွာခံ ၈၀ နီးပါးအနက် ၅၂ ဦးပြန်လွတ်လာပြီး ဖမ်းဆီးခံထားရစဉ် ၂ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ စပါးမျှောရွာကနေ စစ်ကြောင်းထိုး ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဒေသခံ ၇၉ ဦးအနက် ၅၂ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ ပေါက်နယ် လူသားစာနာအဖွဲ့ထံက သိရပါတယ်။

စပါးမျှောရွာခံတွေကို ဇန်နဝါရီ ၄ ရက် ည ၉ နာရီခန့်မှာ ဖမ်းဆီးထားရာ ကပစ ၂၄ တပ်ကနေ စပါးမျှောရွာနဲ့ ၁ မိုင်ခန့်အကွာရှိ ကျောချောင်းအနီးကို ၂၉ ဦး ၁ဖွဲ့ ၊ ၂၃ ဦး ၁ ဖွဲ့နဲ့ ၂ ဖွဲ့ခွဲပို့ ဆောင်ပြီး ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

"နောင်ကို သူတို့(စစ်ကောင်စီတပ်)နဲ့ ထိပ်တိုက်မတွေ့အောင်နေဖို့ပြောပြီး ပြန်လွှတ်ပေးလိုက်တယ်။ ညပိုင်းမှာ ၂ ဖွဲ့ခွဲပြီး ကားနဲ့ပြန်လွှတ်ပေးတယ်။” လို့ တိုက်နယ်ဇုံ ၆ လူသားစာနာတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက် မနက် ၅ နာရီခန့်မှာ ကပစ ၂၄ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးပူးပေါင်းတပ်တွေဟာ စပါးမျှောရွာကို ဝင်ရောက်စီးနင်းချိန် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ရပ်ကျေးပကဖအဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ နေအိမ် ၂ လုံး နဲ့ ပကဖစခန်းတွေကို မီးရှို့သွားခဲ့တာပါ။ 

အဲ့ဒီနောက် စပါးမျှောရွာက ဒေသခံ ၈၀ နီးပါးကို ပေါက်မြို့ ကပစ ၂၄ တပ်ကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး ရက် ၂၀ နီးပါးအကြာ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ၅၂ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က  ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း စပါးမျှောရွာခံ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး  အအေးပတ်သေဆုံးခဲ့ရသလို ၄၂ နှစ်အရွယ် အမျိုးသား ၁ ဦးမှာ အစာအိမ်အချဉ်ပေါက်ကာ သွေးအန်သေဆုံးခဲ့တယ်လို့ လွတ်မြောက်လာသူတဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်က စပါးမျှောရွာခံ ၇၉ ဦးကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေစဥ် ၂ ဦးသေဆုံးခဲ့ကာ ၅၂ ဦးကို ပြန်လွှတ်ပေးခဲ့တာကြောင့် လက်ရှိဆက်လက်ဖမ်းဆီးခံထားရသူ ၂၅ ဦး ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၈ ရက်မှာ အဆိုပါစီးနင်းမှုအတွင်း စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ပကဖတပ်ဖွဲ့ဝင် ၅ ဦးရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို မြို့နယ်လူသားစာနာအဖွဲ့က ၁ ဦး ၁ သိန်းကျပ်နှုန်းနဲ့ ၅ ဦးအတွက် စုစုပေါင်းငွေ ၅ သိန်းကျပ်ကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်ဖွဲ့ဝင်များမီးရှို့ခဲ့သည့် စပါးမျှောရွာက နေအိမ်တချို့။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပခုက္ကူ #ပေါက် #စပါးမျှော #ဖမ်းဆီး #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10