စစ်ကြောင်းထိုးမီးရှို့ခံနေရတဲ့ ဘုတလင်က စစ်ရှောင်တွေ အကူအညီလိုအပ်နေ

စစ်ကြောင်းထိုးမီးရှို့ခံနေရတဲ့ ဘုတလင်က စစ်ရှောင်တွေ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ အင်အား ၁၅၀ ကျော်နဲ့ အောက်တိုဘာ ၁၆ ရက်မှာကတည်းက ဝင်လာပြီး နေအိမ်တွေကိုမီးရှို့တာ လူသတ်တာတွေကြောင့် ဒေသခံတွေ အရေးပေါ်စစ်ရှောင်ခဲ့ကြရတယ်လို့ ဘုတလင်သပိတ်အင်အားစုအဖွဲ့ဆီက သိရပါတယ်။

ဘုတလင်မြို့နယ်၊ တက်လှိုင်းရွာ၊ စီပါရွာ၊ ကျွဲသေချောင်း၊ ဆည်ဝရွာသစ်၊ ဆည်ကုန်း၊ ဆည်ဝရွာမ၊ မောင်းထောင်၊ အိုင်ပေါင်းချောင်၊ စိုင်ပြင်၊ ဒါန်းတိုင်၊ ညောင်ကန်၊ ရွာသာ၊ ဖျောက်ဆိပ်ကုန်း၊ ရွာရှည် စတဲ့ရွာပေါင်း ၂၀ ကျော်က ခန့်မှန်းပြည်သူ ၃၀,၀၀၀ ကျော်စစ်ရှောင်နေရတာပါ။

ကျေးရွာပေါင်း ၇ ရွာက အိမ်ခြေ ၄၀၀ ခန့်ကို စစ်တပ်ဘက်က မီးရှို့ဖျက်ဆီးခဲ့သလို နွားတင်းကုပ် ၁၀ လုံးလည်း မီးလောင်ခဲ့ရပြီး မီးရှို့ခံရတဲ့ရွာက စစ်ရှောင်တွေဆိုရင် စောင်၊ ခြင်ထောင်၊ အဝတ်အထည်၊ စားသောက်စရာတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

" ကန်ဇွန်းရွက်ခူးပြီး ချက်စားတယ်။ ဂေါ်ရခါးသီးကြော်၊ ဗူးသီးတို့၊ ခရမ်းသီးတို့ချက်စားကြတယ်။ အသားငါးဟင်းက အလှူရှင်ရှိရင်စားရတယ်" လို့ စီပါရွာစစ်ရှောင်အမျိုးသား ၁ ဦးက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ အဝတ်တထည် ကိုယ်တခု ထွက်ပြေးတိမ်းရှောင်ကြသူတွေရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ နီးစပ်ရာရွာတွေမှာ နေထိုင်ကြပြီး ရွာထဲပြန်မဝင်ရဲဘဲ စစ်ရှောင်နေကြရတာပါ။

" ရွာထဲမပြန်ရဲကြသေးပါဘူး။ ရာသီဥတုကလည်း အေးလာတော့ စောင်တွေလိုအပ်ပါတယ်။ မီးဘေးသင့်ပြည်သူတွေအတွက် နေဖို့၊ စားဖို့၊ ဝတ်ဖို့ လိုအပ်နေပါတယ်" လို့ သပိတ်အင်အားစုအဖွဲ့ဝင် ကိုတိုးကျော်သူက ပြောပါတယ်။

အရေးပေါ်စစ်ရှောင် အိမ်ထောင်စု ၂၀၀ အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် စုစုပေါင်းတန်ဖိုး သိန်း ၅၀ ကျော်ကို တွဲလက်များ - HOG (Singapore) အဖွဲ့ရဲ့ကူညီမှုနဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကတဆင့် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စစ်ရှောင်အိမ်ထောင်စု ၁၂၀ အတွက် ဆန် ၁၀ အိတ်ကိုလည်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က ထောက်ပံ့ပေးခဲ့ပြီး အမျိုးသမီးမဟာမိတ်အင်အားစုများအဖွဲ့ကလည်း ထမင်းဟင်းလျာတွေ ချက်ပြုတ်ကျွေးမွေးတယ်လို့ စစ်ရှောင်ကူညီသူ ၁ ဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုး မီးရှို့တာတွေကိုလုပ်နေခဲ့ပြီး အောက်တိုဘာ ၂၂ ရက်အထိ ဘုတလင်မြို့နယ်က ထွက်ခွါမသွားသေးဘဲ စိုင်ပြင်လေးရွာမှာ တပ်စွဲကာနေထိုင်တာရှိသလို ဒီနေ့ နေ့လည်ပိုင်းမှာ ဒါန်းတိုင်ရွာကို စစ်သားတချို့ဝင်သွားကြတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ရှောင်ပြည်သူတွေ စားသောက်မျှဝေနေကြပုံနဲ့မီးလောင်ပြင်ကို တွေ့ရစဥ်။

စာတည်း - ဈာန်မြင့်

 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်ရှောင် #အကူအညီလိုအပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10