စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတဦးကို ပစ်သတ်သွား

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတဦးကို ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူတဦးကို ဧပြီလ ၂၅ ရက် ဒီနေ့ မနက် ၉ နာရီလောက်မှာ ပစ်သတ်သွားတယ်လို့ သိရပါတယ်။

အသတ်ခံရသူဟာ မြိုင်မြို့နယ်တွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုဝင်းနောင် ဆိုသူဖြစ်ပြီး ညောင်ပင်ကြီး − ဆားလင်းကြီးလမ်းပိုင်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ရွှေလှေရွာတံတားထိပ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။


“ကိုဝင်းနောင်က မြိုင်နယ်ကလို့ပဲ သိတယ်။ သူက စစ်ကြောင်းထိုးလာတာကို မသိဘူး။ အဲဒါနဲ့ ဆိုင်ကယ်ကို ဒီအတိုင်း စီးလာတာ၊ စစ်ကြောင်းနဲ့တွေ့တော့ အပစ်ခံရတာ။ သေနတ်ထိတော့ ဆိုင်ကယ်ရော လူရော လဲကျသွားတယ်။ အဲဒီအချိန် စကစတပ်တွေက အနားလာပြီး ဓားတွေနဲ့ သူရဲ့ဗိုက်ကို မွန်းပြီးသတ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဆိုင်ကယ်မောင်းနှင်သူ ကိုဝင်းနောင် သေဆုံးခဲ့ပြီး သူနဲ့အတူ စီးနင်းလိုက်ပါလာတဲ့ အမျိုးသားတဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။

ကိုဝင်းနောင်ရဲ့ ရုပ်အလောင်းကိုတော့ မြိုင်မြို့နယ်ထဲက မိသားစုဝင်တွေက နာရေးကားနဲ့ လာရောက်ယူဆောင်သွားကာ လက်ရှိအချိန်မှာ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ပေါ်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကလည်း ဆားလင်းကြီးနယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ရွာ ၁၄ ရွာက ဒေသခံသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10