စစ်ကြောင်းထိုးလာလို့ စခန်းပြောင်းတဲ့ကား ဗွက်နစ်နေတာကြောင့် PDF ပိုင်ပစ္စည်းတွေနဲ့ကားပါ မီးရှို့ခံရ

စစ်ကြောင်းထိုးလာလို့ စခန်းပြောင်းတဲ့ကား ဗွက်နစ်နေတာကြောင့် PDF ပိုင်ပစ္စည်းတွေနဲ့ကားပါ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်အခြေပြုလှုပ်ရှားနေတဲ့  ဆားတောင်မိုးကြိုး PDF တပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဆားတောင်မြို့နယ်၊ သဲနုပုံရွာအနီးမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

သြဂုတ် ၂၄ ရက် နေ့လယ် ၂ နာရီလောက်မှာ ဆားတောင်PDF စခန်းတည်ရှိရာကို  စစ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာမယ့်သတင်းကြောင့် စခန်းပြောင်းရွှေ့ရာ ပစ္စည်းတွေတင်ဆောင်ထားတဲ့ ကားဗွက်နစ်နေချိန် တခြားစစ်ကောင်စီစစ်ကြောင်းတခုနဲ့ ထိပ်တိုက်တွေ့ပြီး PDF ပိုင်ပစ္စည်းတွေနဲ့ ကားပါမီးရှို့ဖျက်ဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

“ စခန်းရွှေ့နေတုန်း မိုးကလည်းရွာ ဗွက်နစ်နေလို့ ကားကိုဝိုင်းတွန်းနေတုန်း ကြွယ်ပုံဘက်ကလာတဲ့စစ်ကြောင်းနဲ့ တည့်တည့်တိုးတာ။ ဘာမှယူချိန်မရလို့ အကုန်ချန်ထားပြီး ထွက်ပြေးခဲ့ရတာ။ ကျနော်တို့မှာ ဝတ်စရာအဝတ်အစားတောင် မကျန်တော့ဘူး အကုန်မီးရှို့ခံလိုက်ရတယ်” လို့ ဆားတောင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုမိုးကြိုးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကားကို မီးရှို့ပြီးတဲ့နောက် ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းကိုစီးနင်းမီးရှို့ဖို့သွားရောက်ချိန် စခန်းရဲ့ မီတာ ၁၀၀၀ ခန့်အကွာအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဆားတောင်မိုးကြိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မီးလောင်ပျက်စီးသွားတဲ့ ပစ္စည်းတွေ ပြန်လည်ဝယ်ယူနိုင်ဖို့၊ တပ်ဖွဲ့ပြန်လည်ထူထောင်ရေးနဲ့ စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီမီးရှို့ခဲ့တာကြောင့် TNT ယမ်းအိတ် ၂ အိတ်၊ ပုလဲဓာတ်မြေဩဇာ ၄ အိတ်၊ C 2 ဖာ ၄ ဖာ စုစုပေါင်းယမ်းတန်ဖိုး  ကျပ်သိန်း ၂၀၀ ကျော်၊ ငွေသား ၅၅ သိန်းကျော်၊ လက်နက်ထုတ်လုပ်ရေးပစ္စည်းများ ၊ စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေ၊ မီးစက် ၂ လုံး၊ တွင်ခုံ၊ ဖောက်စက်နဲ့ ကားအပါအဝင် ကာလတန်ဖိုး ကျပ် သိန်း ၁၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဆားတောင် #PDF #ကားမီးရှို့ခံရ #ပစ္စည်းဆုံးရှုံးမှု #သိန်းထောင်ချီ #သတင်း #ဆားတောင်မိုးကြိုး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10